FFP ပြဿနာကြောင့် မန်ချက်စတာစီးတီး ပြစ်ဒဏ် ကျခံရရင် မန်နေဂျာ ဂွာဒီယိုလာ နုတ်ထွက်ဖွယ်ရှိနေ

အသုံးစရိတ် ကန့်သတ်ချက် စည်းမျဉ်းတွေ (FFP)ကို ချိုးဖောက်လို့ အသင်းက အရေးယူ ခံရရင် မန်ချက်စတာ စီးတီး မန်နေဂျာ ပက်ပ် ဂွာဒီယိုလာ အနေနဲ့ ရာထူးက နုတ်ထွက်ဖွယ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

 အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းဟာ ကစားသမား ဝယ်ယူမှုတွေ အပါအဝင် FFPကို အကြိမ်ပေါင်း ၁၀၀ လောက် ချိုးဖောက်ခဲ့ကြောင်း ပရီးမီးယားလိဂ်က စွဲချက် တင်ထားပါတယ်။ ပရီးမီးယားလိဂ်ဟာ ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ်အတွင်း စီးတီးက FFPကို အကြိမ်ကြိမ် ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်က လွတ်လပ်တဲ့ ကော်မတီ တစ်ခုကို ဖွဲ့စည်းစေပြီး ၄ နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စီးတီးဟာ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ အလားတူ စွပ်စွဲမှုကို ခံခဲ့ရဖူးပေမယ့် အပြည်ပြည်ဆိုင်ရာ အားကစား ကျင့်ဝတ်ခုံရုံးမှာ အယူခံ ဝင်ခဲ့တဲ့နောက် ဒဏ်ငွေလောက်နဲ့ပဲ ပြဿနာ ပြေလည်သွားခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်က စွဲချက် တင်လာရင်တော့ ခုံရုံးမှာ အယူခံ ဝင်နိုင်မှာ မဟုတ်သလို ခိုင်ခိုင်မာမာ မဖြေရှင်းနိုင်ရင် အမှတ်လျှော့ခံရတာ၊ စွပ်စွဲခံရတဲ့ ကာလအတွင်း ရထားတဲ့ ချန်ပီယံဆုတွေ ပယ်ဖျက်ခံရတာ၊ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ပိတ်ပင်ခံရတာ၊ ပြိုင်ပွဲက ဖယ်ထုတ်ခံရတာထိ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ကြုံသွားနိုင်ပါတယ်။

 ပရီးမီးယားလိဂ် သမိုင်းကြောင်းမှာ ကလပ်အသင်း တစ်ခုကို FFB ချိုးဖောက်မှု အကြိမ်ပေါင်း ၁၀၀ ကျော်အတွက် အရေးယူရတယ် ဆိုတာမျိုး ဘယ်တုန်းကမှ မကြုံဖူးခဲ့သေးပါဘူး။

 စပိန်သား မန်နေဂျာ ဂွာဒီယိုလာဟာ တကယ်လို့ စီးတီးသား FFP စည်းမျဉ်းတွေကို မဖွယ်မရာ ချိုးဖောက်ရိုးမှန်ရင် သူ့အနေနဲ့ အစ်တီဟတ် ကွင်းကြီးကို စွန့်ခွာသွားနိုင်ကြောင်း အတိအလင်း ပြောဆိုခဲ့ဖူးပါတယ်။ သူ့ရဲ့ အလုပ်ရှင်တွေ (အသင်းဘုတ်အဖွဲ့)က စီးတီးဟာ FFPကို ချိုးဖောက်မှု မရှိခဲ့ဘူးလို့ အခိုင်အမာ အာမခံထားကြောင်း၊ သူကလည်း အလုပ်ရှင်တွေရဲ့ စကားကို ယုံကြည်ကြောင်း၊ တကယ်လို့ စီးတီးရဲ့ တာဝန်ရှိသူတွေကသာ သူ့ကို လိမ်ညာထားခဲ့တာဆိုရင် သူလည်း အသင်းမှာ ဆက်နေမှာ မဟုတ်ကြောင်း ဂွာဒီယိုလာက ထုတ်ပြောခဲ့ဖူးပါတယ်။

 အခုအခါမှာတော့ ဂွာဒီယိုလာ ရည်ညွှန်းခဲ့ဖူးတဲ့ အသင်းတာဝန်ရှိသူတွေက သူ့ကို လိမ်လည်ထားတယ်ဆိုတဲ့ အခြေအနေမျိုးဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသလို စီးတီး အနေနဲ့လည်း FFP ပြဿနာအတွက် အကြီးအကျယ် ခေါင်းပူရတော့မှာ ဖြစ်ပါတယ်။

 လက်ရှိ အချိန်ထိတော့ ဂွာဒီယိုလာက သူပြောဖူးတဲ့ စကားအတိုင်း လုပ်မလုပ် ဆိုတာကို ထပ်ပြီး မှတ်ချက်ပေးတာ မရှိသေးပါဘူး။ ဒါပေမဲ့ စီးတီးသာ လက်တွေ့ပြစ်ဒဏ်တွေ ကျခံရမယ်ဆိုရင် ဥရောပမှာ အောင်မြင်မှု အကြီးဆုံး ဘောလုံးမန်နေဂျာ တစ်ယောက်ကို ဆက်ပြီး ထိန်းသိမ်းထားဖို့ အရမ်းခက်သွားလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။