တူရကီ ငလျင်မှာ ပျောက်ဆုံးနေခဲ့တဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်း အတ်ဆုကို အသက်ရှင်လျက် ရှာတွေ့

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကြယ်ပွင့်ဟောင်း ခရစ္စတီယန် အတ်ဆုကို တူရကီ ငလျင်ကြောင့် ပြိုကျနေတဲ့ အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

 အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အတ်ဆုဟာ ငလျင်ဘေးသင့် ဟာတေ ဒေသမှာ အခြေစိုက်တဲ့ တူရကီကလပ် ဟာတေစပေါ အသင်းမှာ ပရော်ဖက်ရှင်နယ်အဖြစ် ကစားနေသူပါ။ ဖေဖော်ဝါရီ ၆ ရက် မနက်အစောပိုင်းက တူရကီ-ဆီးရီးယား နယ်စပ်မှာ ရစ်ချ်တာစကေး ၇.၈ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး အပျက်အစီးတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့တဲ့နောက် အတ်ဆု ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

 သူဟာ အင်္ဂလန် ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီး၊ နယူးကာဆယ်လ် ယူနိုက်တက်၊ အဲဗာတန်နဲ့ ဘွန်းမောက်သ်တို့မှာ ကစားခဲ့ဖူးပါတယ်။ နာရီပေါင်း အတော်များများ ကြာပြီးတဲ့ နောက်မှာတော့ အပျက်အစီးပုံတွေ အောက်ကနေ အတ်ဆုကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးတွေက အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာတွေ ရထားတဲ့အတွက် ဆေးရုံကို ချက်ချင်း တင်ပို့ခဲ့ရပါတယ်။

 ဂါနာ လက်ရွေးစင် အသင်းအတွက် ၆၅ ပွဲ ကစားပြီး ၉ ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ အတ်ဆုတစ်ယောက် သေကံမရောက် သက်မပျောက်ခဲ့ပေမယ့် ငလျင်ကြီးအတွင်းမှာ သူ့လို ကံမကောင်းခဲ့ရှာသူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။ လက်ရှိ အခြေအနေအရ ငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယားတို့မှာ သေဆုံးသူ အရေအတွက် ၃၇၀၀ ကျော်လာပြီ ဖြစ်သလို အဲဒီ ကိန်းဂဏန်းတွေက ဆက်တိုက် မြင့်တက်နေဦးမယ့် အလားအလာတွေ တွေ့နေရပါတယ်။

 Guardian သတင်းဌာနက အတ်ဆုဟာ ညာဖက် ခြေထောက်မှာ ဒဏ်ရာရထားပြီး အသက်ရှူရခက်တဲ့ ပြဿနာလည်း ကြုံနေရတာကြောင့် ဆေးရုံ တက်နေရတာလို့ ဖော်ပြခဲ့ပါတယ်။ အတ်ဆုနဲ့အတူ သူ့ကလပ်အသင်းရဲ့ အားကစား ဒါရိုက်တာ တန်နာ ဆာဗွတ်ပါ အပျက်အစီးပုံတွေ အောက်ထဲမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

 အတ်ဆု ပျောက်ဆုံးနေတဲ့ သတင်းကို ကြားရချိန်တုန်းက နိုင်ငံတကာ ဘောလုံး ပရိသတ်တွေဟာ သူ့ကို ဘေးမသီရန်မခ ပြန်ရှာတွေ့ဖို့ ဝိုင်းဝန်း ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။ အတ်ဆုရဲ့ အသင်းဟောင်း ချဲလ်ဆီးကလည်း အတ်ဆုအတွက် ဆုတောင်းပေးတဲ့အပြင် တူရကီနဲ့ ဆီးရီးယားက ငလျင်ဘေးသင့် ပြည်သူ အားလုံးနဲ့ထပ်တူ နာကျင် ခံစားရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 အတ်ဆုဟာ ပေါ်တူဂီကလပ် ပေါ်တိုမှာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို အစပြုခဲ့ပြီး အင်္ဂလန်အပြင် နယ်သာလန်၊ စပိန်နဲ့ ဆော်ဒီအာရေးဘီးယား ဘောလုံးပြိုင်ပွဲတွေမှာပါ ကျင်လည်ခဲ့ဖူးပါတယ်။