ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်မှာ ကလေးငယ်နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တဲ့ ဗုံးပေါက် ကွဲမှုဖြစ်စဉ်ဟာ ရခိုင့်တပ်တော်(AA)က ဒုနယ်မြေမှူးဟောင်းရဲ့ ပေါ့ဆမှုကြောင့်ဖြစ်ပြီး အဲဒီအတွက် AA တာဝန်ရှိသူတွေက သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို အိမ်တိုင်ရာရောက် လာရောက် တောင်း ပန်ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါ တယ်။
“ကလေးတွေရဲ့ မိသားစုတွေအကုန်လုံးကို ကျေနပ်အောင် တောင်းပန်လာကြပါတယ်၊ပြီးတော့ နာရေးကိစ္စအကုန်လုံးကိုလည်း တာဝန်ယူပေးမယ်လို့ ပြောတယ်လို့ ပြောပါတယ်၊အထက်က ဗိုလ်ချုပ်တို့ကနေပြီးတော့ တောင်းပန်ခိုင်းလို့ လာတောင်းပန်တာလို့ ပြောပါတယ်”လို့ ရွာသားတစ်ဦးက ပြောပြပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကုန်တန်းကြိန်ချောင်းရွာက ကုန်စုံဆိုင်တခုမှာ ဖေဖော်ဝါရီ(၃) ရက် ညပိုင်းကကျောင်းသားလူငယ်တွေ စျေးလာဝယ်နေချိန် AA ဒုနယ်မြေမှူးဟောင်းဆိုသူက ဗုံးသီးတစ်လုံးနဲ့ ရောက် လာပြီး ဆော့ကစားခဲ့ရာကနေ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
အဲဒီ့ပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်နဲ့ ၁၄ နှစ်အရွယ် ကျောင်းသားနှစ်ဦး သေဆုံးပြီး နောက်ထပ် ကျောင်းသား နှစ်ဦး၊ ဆိုင်ရှင်ဖြစ်သူနဲ့ ဗုံးသီးယူလာသူတို့မှာ ဒဏ်ရာတွေ ရသွားခဲ့ကြတယ်လို့ ရွာသားတွေနဲ့ ကူညီပို့ဆောင်ပေးသူ တွေက ပြောကြပါတယ်။
ဗုံးသီးယူလာတဲ့ AA ဒုနယ်မြေမှူးဟောင်းဆိုသူကိုတော့ AA က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသ ခံတွေက ပြောကြပါတယ်။အဲ့ဒီဒုနယ်မြေမှူးဟာ တပ်ဖွဲ့ဝင်ဟောင်းဖြစ်တယ်လို့ AA ဘက်ကပြောတာဖြစ်ပြီး ထုတ်ပယ်ခံထားရတာ ဒါမှမဟုတ် နှုတ် ထွက်ထားတာ စတဲ့အခြေအနေတွေကိုတော့ မသိရပါဘူး။
“ပေါ့ဆလို့ ဖြစ်သွားတာပါ၊ကလေးတွေဆိုရင် ကျောင်းသားလေးတွေ စာမေးပွဲတောင် မဖြေကြရသေးဘူး၊ ကိုရင်လောင်းလည်း ပါတယ်၊နောက်ဒီလိုမဖြစ်အောင် ကြပ်မတ်ပေးစေချင်ပါတယ်”လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။
အဲဒီနေ့က ဗုံးသီးယူလာသူဟာ အရက်မူးနေပြီး ဗုံးသီးကို ဆော့ကစားပြရာကနေ စနက်တံပြုတ်သွားခဲ့တာဖြစ်တယ် လို့ ရွာသားတွေက ပြောကြပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် တောင်းပန်ခိုင်းတဲ့အတွက် AA တပ်ဖွဲ့က တာဝန်ရှိသူတွေလာရောက်တောင်းပန်ခဲ့ကြတာလို့ ဒေသခံတွေကအတည်ပြုပါတယ်။
ရခိုင်မှာ မြေမြှပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲလို့ ထိခိုက်၊ သေဆုံးရသူမှုတွေမကြာခဏရှိနေတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း မောင်တောမြို့နယ်မှာ ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦး ငှက်သွားထောင်ရင်း မိုင်းနင်းမိလို့ သေဆုံးခဲ့ရပါသေးတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၆ရက်နဲ့ ၂၇ ရက်တွေကလည်း မင်းပြားနဲ့ဘူးသီးတောင်မြို့နယ်တွေမှာ ထင်းခုတ်သွားချိန်မိုင်းနင်းမိလို့ ကလေးတဦးအပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။