ပြည်မြို့မှာ ဆယ့်ငါးနာရီအတွင်း အိမ်ယာမဲ့ အလောင်း နှစ်လောင်းတွေ့

ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်မြို့မှာ ဆယ့်ငါးနာရီအတွင်း အိမ်ယာမဲ့အမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ဘုရားဈေးလမ်း နာရီ စင် အနီးမှာ ဖေဖော်ဝါရီ ၅ရက် ည ၆နာရီခန့်မှာ အ မျိုးသားတဦး၊ဒီကနေ့ မနက် ၉နာရီဝန်းကျင်မှာလည်း နဝဒေးလမ်း (PT.Power) ဆီဆိုင်အနီး အမျိုးသားတဦးသေဆုံးခဲ့တာဖြစ်တယ်လို့ မြို့ခံပရဟိတအဖွဲ့တခုရဲ့ တာဝန်ရှိသူက DNA ကိုပြောပါတယ်။

“ဖြစ်စဉ်က အတူတူပဲ၊သတိလစ်တယ် ထင်ပြီး အသင်းကိုဖုန်းဆက်အကူအညီတောင်းတာ၊ ကျွန်တော်တို့ရောက်တော့ body (သေဆုံး)ဖြစ်နေပြီ၊ ရောဂါ အခြေအခြေအနေကိုတော့ မသိရသေးဘူး”လို့  ပရဟိတ ပါရမီ လူမှုကယ်ဆယ်ရေး အ သင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၃၅ နှစ်ဝန်းကျင် အ မျိုးသားတွေဖြစ်ပြီး အိမ်ယာမဲ့တွေဖြစ်လို့ မြို့ပေါ် ဈေး၊လမ်းစုံလမ်းဂွ၊ကမ်းနားပတ်ဝန်းကျင်တွေမှာ နေထိုင်ကျသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့လို အိမ်ယာမဲ့တွေက အရက်သောက်တက်တဲ့သူဆို အရက်အဆီတွေ သောက်ကြတယ်၊ ကော်ရှူတဲ့သူတွေလည်းရှိတယ်၊ အဲ့ဒါတွေကပဲ အခုလို အ ဖြစ်မျိုးတွေ ဖြစ်ကြတာ”လို့ ပြည်မြို့ ဆေးရုံကြီးက ဆရာဝန်တဦးက ပြောပါတယ်။

မနေ့ကညပိုင်းနဲ့ ဒီကနေ့မနက်မှာတွေရတဲ့ပိုင်ရှင်မဲ့ရုပ်အလောင်းတွေကို ပြည်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ကယ်ဆယ်ရေးအသင်းနဲ့ နာရေးကူညီမှုအသင်းတွေက ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေထဲမှာလည်း အလားတူ လမ်းဘေးမှာသေဆုံးနေတဲ့ အိမ်ယာမဲ့အမျိုးသားငါးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရသေးတယ်လို့ မြို့ခံပရဟိတအဖွဲ့တွေဆီကသိရပါတယ်။