မတ္တရာမြို့နယ်အနီးက ကျေးရွာတချို့ စစ်ကြောင်းထိုးခံနေရလို့ ဒေသခံထောင်ချီစစ်ရှောင်နေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးက တချို့ကျေးရွာတွေကို စစ်ကြောင်းထိုးခံရလို့ ဒေသခံတွေ နီးစပ်ရာနေရာတွေမှာ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

အခုလအစောပိုင်းက စပြီးစစ်ကောင်စီက မတ္တရာမြို့အနီးတဝိုက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာထဲစစ်ကြောင်းထိုးနေသလို ဒေသကာကွယ်ရေး အဖွဲ့တွေကလည်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ မတ္တရာမြို့ခံတဦးကပြောပါတယ်။

” စစ်ကြောင်းဝင်လာတယ်ဆို နီးစပ်ရာကို ရှောင်လိုက်ပြီးရင် ပြန်နေလိုက်ဖြစ်နေတာပေါ့။ စစ်ကောင်စီရောက်တဲ့ ရွာဆိုရင် PDF တွေကဒရုန်းနဲ့ ဗုံးလိုက်ကြဲတာရှိတယ်။ စစ်ကြောင်းထိုးခံရတဲ့ ရွာကတော့ထုံးစံအတိုင်းပေါ့ ဒီကောင်တွေဖျက်ဆီးသွားတာများတယ် ” လို့ သူကပြောပါတယ်။

လက်တလောမှာ ဧရာဝတီမြစ် အနောက်ဖက် စစ်ကိုင်းဖက်ခြမ်းရှိ သုံးဆယ်ပေနဲ့ မြစ်အရှေ့ဖက်ရှိ ဟင်္သာကျေးရွာ ၊ မွေမြစ်ရိုးကျေးရွာနဲ့ မွေတလိုင်း စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့ အတွက် ထောင်ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်ရှောင်နေရတယ်လို သိရပါတယ်။

ဒီလ အစောပိုင်းကလည်း မတ္တရာမြို့နယ်  ရှင်လှတောင်ရွာ မှာတပ်ဆွဲပြီး ကျေးရွာတွေထဲရမ်းသမ်းပစ်ခတ်နေတဲ့ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။