လွိုင်ကော်အရှေ့ဘက်က စစ်ရှောင်စခန်း ကို စစ်တပ်ကဗုံးကျဲလို့ ဆေးပေးခန်းပြာကျ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊အရှေ့ဘက်ခြမ်းက ဆင်စခန်းစစ်ဘေးရှောင်စခန်းကို  တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကျဲလို့စစ်ဘေးရှောင်ဆေးခန်းတခုမီးလောင်ပြာကျသွားပြီး စာသင်ကျောင်း အနည်းငယ်ပျက်စီးသွားတယ်လို့သိရပါတယ်။ 

အဲ့ဒီစစ်ရှောင်စခန်းကိုစစ်ကောင်စီက  ဖေဖော်ဝါရီ ၃ရက် မနေ့ကညနေပိုင်းမှာ လေယာဥ်နဲ့ဗုံးကျဲခဲ့တာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာကိုဗညားကပြောပါတယ်။

“ဆေးရုံတလုံးကတော့ လုံးဝကို ပြာကျသွားတာပေါ့၊ကျောင်းထိခိုက်မိတာတော့ ရှိတယ်၊နည်းနည်း ပါးပါး ပျက်စီးသွားတာပေါ့နော်၊လူထိခိုက်သေကြေမှုကတော့  မရှိပါဘူး”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း စစ်ကောင်စီက လွိုင်ကော်အရှေ့ဘက်ခြမ်းကို လေကြောင်း တိုက်ခိုက်မှုတွေ မကြာမကြာလုပ်ခဲ့ပြီး စစ်ဘေးစခန်းတချို့ဟာ နေရာသစ်ကို ပြောင်းရွှေ့ခဲ့ကြရပါတယ်။

ကရင်နီပြည်ထဲမှာ စစ်ကောင်စီဟာ စစ်လေယာဉ်နဲ ကင်းထောက်တာတွေလည်းဆက်တိုက်လုပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ဆိုပါတယ်။ 

“စစ်ဘေးရှောင်တွေ ရွေ့ပြောင်းနေရတာဟာ ပိုမို ခက်ခဲတဲ့ ဘဝကို ဆိုက်ရောက်သွားတယ်၊ တမင် တကာ ရည်ရွယ်ချက် ရှိရှိ လုပ်ခြင်းဟာ စစ်ကောင်စီက လူမျိုးသုဉ်းအထိ လုပ်ဖို့ ပြင်နေပြီလားပေါ့၊ တိုက်ပွဲလည်း မရှိဘဲနဲ့ စစ်ရှောင်စခန်းကို ဗုံးကျဲတာဟာ လူထုကို ခြိမ်းခြောက်တာ၊ ပြီးတော့ ဖြတ်လေးဖြတ်ကို မြေပြင်မှာ လုပ်ခဲ့တာက ခုက လုပ်မရတော့ စစ်လေယောဉ်တွေ သုံးပြီး လူထုကို အတိဒုက္ခရောက်အောင် လုပ်တယ်။ ဒါကို ပွင့်ပွင့်လင်းလင်း ပြောချင်တယ်။ ဒီလုပ်ရပ်တွေ အားလုံးကို ခွင့်လွှတ်နိုင်တဲ့ အနေအထား မရှိဘူး”လို့ ကိုဗညားက ပြောပါတယ်။ 

ဒီနှစ် အစပိုင်းကတည်းက စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဗုံးကျဲတိုက်ခိုက်မှုတွေ ပိုလုပ်လာတဲ့အတွက် လေကြောင်းရန် ကာကွယ်ရေးအတွက်ဗုံးခို ကျင်းတွေ တူးထားဖို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။ 

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းမှု ၂ နှစ် ပြည့်ချိန်မှာ လူဦးရေရဲ့ ထက်ဝတ်ကျော် ၂ သိန်းနီးပါးဟာ စစ်ရှောင်စခန်းပေါင်း ၂၂၀ ခန့်မှာ စစ်ရှောင်နေရပြီး စားနပ်ရိက္ခာတွေနဲ့ အမိုးအကာတွေ အပါအဝင် အကူအညီတွေ လိုအပ်နေပါတယ်။ 

ကရင်နီပြည်မှာ စစ်ကောင်စီက လေကြောင်း တိုက် ခိုက်မှု အကြိမ်ရေး ၁၉၀ ခန့် ပြုလုပ်ခဲ့တယ်လို့  စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်မှာ ကရင်နီပြည်သူ့အင် အားစု ( PKPF )က ထုတ်ပြန်ထားပါတယ်။