ကလေးမြို့ ဆည်မြောင်းရုံးတိုက်ခိုက်ခံရပြီး ဘတ်ဖိုးယာဉ်တစီးမီးလောင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းရုံးမှာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ညဦးပိုင်းနဲ့ ဒီကနေ့ မနက်အစောပိုင်းတို့မှာ ဗုံးပေါက်ကွဲမူနဲ့ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဆည်မြောင်းရုံးအနီးဝန်းကျင် မြို့ခံတွေကပြောပါတယ်။

 “ရှစ်နာရီလောက်မှာတကြိမ်ဖြစ်တာ၊မနက်ပိုင်းဖြစ်တဲ့ဟာကတော့ အသံပိုကျယ်တယ်၊မီးလည်းလောင်တယ်၊ တ အားကြီးလောင်နေတာမျိုးတော့မဟုတ်ဘူး။ လောင်တဲ့အချိန်လည်းအကြာကြီးမဟုတ်ဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။

ပေါက်ကွဲမီးလောင်မှုဖြစ်ပွားချိန်မှာ ဆည်မြောင်းရုံးထဲက စစ်ကောင်စီအဖွဲ့ဝင်တွေက ရမ်းသမ်းပစ်ခတ်တာမျိုး လုပ်ခဲ့ ပေမယ့် ဆည်မြောင်းရုံးထဲမှာ  စစ်ကောင်စီအဖွဲ့ဝင်အနည်းငယ်သာရှိတာကြောင့် ပစ်အားတော့ မကောင်း ဘူးလို့ဆိုပါတယ်။

အဲ့ဒီဖောက်ခွဲမီးရှို့မှုကို God of Empire မြို့ပြပျောက်ကျားတပ်ဖွဲ့ က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလို တိုက်ခိုက်တာဟာ စစ်ကောင်စီက စစ်ကိုင်းတိုင်းက(၁၁) မြိုု့နယ်အပါအဝင် နိုင်ငံတဝန်းက မြို့နယ် လေး ဆယ်နီးပါးကို စစ်အုပ်ချုပ်ရေး ကြေညာတဲ့အပေါ် တုံ့ပြန်တာဖြစ်တယ်လို့ God Of Empire အဖွဲ့တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။

ဖောက်ခွဲမီးရှို့မူကြောင့် ဆည်မြောင်းရုံးအပြင်ဘက်က လမ်းမပေါ်ရပ်ထားတဲ့ ဘတ်ဖိုးယာဥ်တစီးမီးလောင်ခဲ့ပြီး ရုံးထဲကိုလည်းဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုကြီးကြီးမားမားမရှိဘူးလို့ ကလေးမြို့ခံ တွေဆီကသိရပါတယ်။