ကိယက်ဗ်မှာ လေကြောင်း အန္တရာယ် သတိပေး ဥဩသံတွေနဲ့ လက်တွေ့ ကြုံခဲ့တဲ့ ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေ

ဥရောပ သမဂ္ဂရဲ့ ခေါင်းဆောင်ပိုင်းတွေ ရောက်ရှိနေချိန် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် မြို့တော်မှာ လေကြောင်း အန္တရာယ် ကာကွယ်ရေး သတိပေး ဥဩဆွဲမှုတွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။

ဇန်နဝါရီ ၃ ရက်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဥရောပ သမဂ္ဂရဲ့ ခေါင်းဆောင်တွေကို ဧည့်ခံ တွေ့ဆုံပြီး ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ ပြဋ္ဌာန်းရေးကိစ္စ ဆွေးနွေးနေတဲ့အချိန် ကိယက်ဗ် အပါအဝင် နိုင်ငံအနှံ့မှာ လေကြောင်း ကာကွယ်ရေး အချက်ပေး ဥဩတွေ ဆွဲခဲ့ရတာ ဖြစ်ပါတယ်။ 

ဥရောပ သမဂ္ဂ အမှုဆောင် ကော်မရှင်ရဲ့ ခေါင်းဆောင်ဖြစ်သူ အာဆူလာ ဗွန်ဒါ လီယန်နဲ့ ကော်မရှင် အဖွဲ့ဝင် တချို့ဟာ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို ဆန့်ကျင်ပြီး ယူကရိန်း အစိုးရနဲ့အတူ ရပ်တည်ကြောင်း ပြသဖို့အတွက် ကိယက်ဗ်ကို ရောက်ရှိနေခဲ့ကြတာပါ။

ရုရှားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ယူကရိန်းက မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ မကြာခဏ တိုက်ခိုက်ခဲ့တာကြောင့် လေကြောင်း ကာကွယ်ရေး ဥဩသံတွေ ထွက်ပေါ်လာတာဟာ ပြည်သူတွေ အတွက်တော့ အသားကျနေပါပြီ။ ဖေဖော်ဝါရီ ၃ ရက်ကတော့ လေကြောင်း ကာကွယ်ရေး ဥဩတွေ ဆွဲခဲ့ပေမယ့် နောက်ထပ် ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှု သတင်းတွေတော့ ထပ်မကြားခဲ့ရပါဘူး။

သမ္မတ ဇီလန်စကီးကတော့ ဥရောပ သမဂ္ဂ အနေနဲ့ ရုရှားအပေါ် ပိုပြီး ထိရောက် အားကောင်းတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ် ပြဋ္ဌာန်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ သမဂ္ဂ ခေါင်းဆောင်တွေကလည်း စစ်ပွဲနဲ့ ပတ်သက်လို့ ယူကရိန်း အစိုးရနဲ့ ပြည်သူတွေကို အတတ်နိုင်ဆုံး ဆက်လက် အားပေး ကူညီနေမယ်ဆိုတဲ့ ပူးတွဲ ကြေညာချက်ကို ပြင်ဆင်ထားခဲ့ပါတယ်။

ကိယက်ဗ် ခရီးစဉ်အတွက် ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေဟာ ငွေကြေး၊ စစ်လက်နက်နဲ့ စွမ်းအင်ဆိုင်ရာ ထောက်ပံ့ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ယူကရိန်း အစိုးရ တာဝန်ရှိသူတွေနဲ့ အကျေအလည် ဆွေးနွေးခဲ့တယ်လို့လည်း သိရှိရပါတယ်။