ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ စာချုပ်ကို ဖျက်သိမ်းချင်နေပြီဖြစ်တဲ့ ဂျူဗင်းတပ်စ်

အီတလီ စီးရီးအေ နာမည်ကြီး ဘောလုံးကလပ် ဂျူဗင်းတပ်စ်ဟာ သူတို့ရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကို စာချုပ် ဖျက်သိမ်းနိုင်ဖို့ ကြိုးစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ပြင်သစ် ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ အခုနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးတဲ့နောက် အသင်းဟောင်း ဂျူဗင်းတပ်စ်ဆီ ပြန်ရောက်လာခဲ့တာပါ။ သူဟာ အဲဒီ အချိန်ကစလို့ ဂျူဗင်းတပ်စ်အတွက် ပြိုင်ပွဲအဆင့်မှာ တစ်ပွဲမှ ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးဘဲ ဒူးဒဏ်ရာနဲ့ပဲ နပန်းလုံးနေခဲ့ရပါတယ်။ 

ရာသီကြို ခြေစမ်းပွဲတွေမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ပေါ့ဂ်ဘာဟာ ခွဲစိတ်မှု ခံယူပြီး ကာလရှည်ကြာ အနားယူခဲ့ရသလို လက်ရွေးစင် အသင်းနဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ဖို့ ရည်မှန်းချက်ကိုလည်း လက်လွတ် ဆုံးရှုံးခဲ့ရပါတယ်။

မကြာသေးခင်က မွန်ဇာ အသင်းကို အရေးနိမ့်တဲ့ အီတလီ စီးရီးအေ ပွဲစဉ်မှာတော့ ပေါ့ဂ်ဘာဟာ အသင်းရဲ့ အရန်လူ စာရင်းမှာ ပြန်လည် ပါဝင်ခဲ့ပေမယ့် အဲဒီနောက် ဒဏ်ရာ ထပ်ရသွားခဲ့ပါတယ်။

၂၀၂၂-၂၃ ဘောလုံးရာသီတလျှောက် အသင်းရဲ့ ပွဲစဉ်ပေါင်း ၂၇ ခုကို လွဲချော်ခဲ့တဲ့နောက် ဂျူဗင်းတပ်စ်ဟာ အသက် ၂၉ နှစ်အရွယ် ကစားသမားရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ထိ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာ အမေရိကန် မေဂျာလိဂ် အပါအဝင် တခြားနိုင်ငံတွေက ကလပ်အသင်းတွေ အနေနဲ့ ပေါ့ဂ်ဘာကို ချဉ်းကပ် ကမ်းလှမ်းတာမျိုး ရှိမလားဆိုတာ ဂျူဗင်းတပ်စ်က နားစွင့်နေပါတယ်။

ပေါ့ဂ်ဘာကို အသင်းလူစာရင်းကနေ ဖယ်ထုတ်နိုင်မယ်ဆိုရင် လုပ်ခလစာ သတ်မှတ်ချက်အရ နောက်ထပ် ကစားသမားကောင်း နှစ်ဦးလောက်ထိ အသစ်ခေါ်ယူနိုင်မယ်လို့ စီးရီးအေ သမိုင်းမှာ အောင်မြင်မှု အကြီးမားဆုံး ကလပ်အသင်းက ယုံကြည်နေတယ်လို့လည်း သိရပါတယ်။