မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ထောင်ဒဏ် ၂ နှစ်ထပ်မံချမှတ်ခံရ

မန္တလေးတိုင်း စည်ပင်သာယာရေး ကော်မတီဝန်ကြီး မြို့တော်ဝန်ဒေါက်တာရဲလွင်ကို စစ်အုပ်စုရဲ့ အိုးဘိုးထောင်တွင်း တရားရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၃ရက်မျာ  ထောင်ဒဏ် ၂ နှစ်ထပ်မံချမှတ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

ဒီကနေ့ မှာ စစ်အုပ်စုရဲ့ အိုးဘိုထောင်တွင်းတရားရုံးက ဒေါက်တာရဲလွင်ကို  ရာဇသတ်ကြီးပုဒ်မ ၄၀၉ (နိုင်ငံဝန်ထမ်းက ငွေကြေးအလွဲသုံးစားပြုမှု ) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

” ဒေါက်တာရဲလွင်ကို ဒီကနေ့ ထောင် ၂ နှစ်ချလိုက်တယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ် ” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးကပြောပါတယ်။

NLD အစိုးရလက်ထက်က မြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆို့ပြီး ထောင် ၂ နှစ်ချမှတ်ခဲ့တာပါ။ 

အဲဒီနောက် ဒေါက်တာရဲလွင်ပြန်လွတ်ကာနီးမှာ  ရာဇသတ်ကြီးပုဒ်မ ၄၀၉ (နိုင်ငံဝန်ထမ်းက ငွေကြေးအလွဲသုံးစားပြုမှု ) နဲ့ စည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျာနဲ့ အတူ ပူးတွဲပြီး ထပ်မံတရားစွဲဆိုခဲ့တာပါ။ 

အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်းမှာတော့ အရင်အစိုးရလက်ထက်က မန္တလေးတိုင်းဝန်ကြီးအားလုံးနီးပါး ဖမ်းဆီးခံခဲ့ရပြီး သယံဇာတဝန်ကြီး ဦးမျိုးသစ်နဲ့ လယ်ဆည်ဝန်ကြီး ဒေါက်တာ စိုးသန်းကိုသာ စစ်အုပ်စုက ပြန်လည်လွှတ်ပေးထားတာကို တွေ့ရပါတယ်။