ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲမှာ PDF တဦးကျဆုံး စစ်ရေးဆက်လက်တင်းမာနေ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့သစ် မြို့သိမ်းတိုက်ပွဲမှာ ဒေသကာကွယ်ရေးအဖွဲ့က တပ်ဖွဲ့ဝင်တဦးကျဆုံးသွားတယ်လို့ ဟုမ္မလင်း ပကဖ တာဝန်ခံတဦးကပြောပါတယ်။

မနေ့ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းလောက်က စတင်ပြီးခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း ၊HPDF-124 ၊ HPDF ၊ HPDF- မိုးကြိုး စတဲ့ မဟာမိတ်တပ်ပေါင်းစုများအဖွဲ့က စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ညနေပိုင်း တိုက် ပွဲဆက်ဖြစ်ရာမှာ  PDF တဦးကျဆုံးသွားတာပါ။

“ရွှေပြည်အေးမြို့ရဲ့ အထက်နားက လောင်းမင်းရွာမှာ စကစရဲ့ စစ်ကူအဖွဲ့ကို ကြားဖြတ်တိုက်တဲ့အဖွဲ့က တဦး ကျသွားတာပါ၊စစ်ကောင်စီဖက်က ပထမနေ့တုန်းက တဦးကျဆုံးပြီးတော့ ထိခိုက်တာတွေရှိတယ်၊ အတိအကျ တော့ မသိရသေးဘူး၊စစ်အုပ်စုက လူနာတွေကို ဟုမ္မလင်းဖက်ကိုပို့နေတယ်လို့ သတင်းရတယ် ” လို့ ဟုမ္မလင်း ပကဖ တာဝန်ခံကပြောပါတယ်။

အဲဒီမြို့ကို PDF ကတိုက်ခိုက်သိမ်းယူပြီးနောက်မှာ စစ်အုပ်စုက ရေ၊လေ၊ကုန်း စစ်ကြောင်းကြီး သုံးကြောင်းနဲ့ ဆက်တိုက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲအတွင်း HPDF -124က အသက် ၂၇ နှစ်အရွယ် ရဲဘော် ဒုံးကြီး ဆိုသူကျဆုံး သွားခဲ့တယ်လို့ ဟုမ္မလင်း PDF ကထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ရွှေပြည်အေးမြို့မှာ ရှိတဲ့စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို စစ်အုပ်စုက ဟုမ္မလင်းမြို့ပေါ်ကို ရွေ့ပြောင်းထားသလို PDF ဖက်ကလည်း မြို့ကိုဆက်လက် သိမ်းပိုက်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မြို့ပေါ်မှာ ဒေသခံတွေအကုန်မရှိသလောက်ဖြစ်သွားတယ်၊ဝန်ထမ်းတွေကို ရွေ့ထားတယ်ဆိုတော့ လေကြောင်း ကတဆင့် အကြီးအကျယ် ထိုးစစ်ဆင်လာမယ့် အနေအထားရှိတယ် ” လို့ ဟုမ္မလင်း ပကဖ တာဝန်ခံက ဆိုပါတယ်။

အဲဒီဒေသမှာ စစ်ရေးတင်းမာနေတဲ့အတွက် လတ်တလောမှာဟုမ္မလင်း-ရွှေပြည်အေး ၊ ရွှေပြည်အေး-ဖောင်းပြင် ရေလမ်းခရီးကို အသုံးပြုသွားလာတာတွေ လုံးဝမပြုလုပ်ကြဖို့ အသိပေးထားတာတွေ့ရပါတယ်။

ဒါ့အပြင် စစ်အုပ်စုက လေကြောင်းက တိုက်ခိုက်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာကို ယာယီရွှေ့ ပြောင်းနေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။