ညစာစားပွဲအတွက် တိရစ္ဆာန်ရုံက ဆိတ်ပုတွေကို သတ်ပြီး တည်ခင်းခဲ့တဲ့ တိရစ္ဆာန်ရုံ အကြီးအကဲဟောင်း

မက္ကဆီကို နိုင်ငံက တိရစ္ဆာန်ရုံ တစ်ခုရဲ့ အကြီးအကဲဟောင်း တစ်ဦးဟာ တိရစ္ဆာန်ရုံထဲမှာ မွေးထားတဲ့တွေ ပစ်ဂ်မီ ဆိတ်ပုကို သတ်ပြီး ညစာအဖြစ် တည်ခင်းခဲ့ကြောင်း စွပ်စွဲ ခံနေရပါတယ်။

 ဂွာရဲရိုးပြည်နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနရဲ့ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ဌာနခွဲ အကြီးအကဲ ဖာနန်ဒို ရုဇ်က Zoochilpan တိရစ္ဆာန်ရုံရဲ့ အကြီးအကဲဟောင်း ဟိုဆေး ရူဗန် နာဗာ နော်ရီဂါဟာ ပြီးခဲ့တဲ့ နှစ်သစ်ကူးအကြို ညစာစားပွဲမှာ တည်ခင်းဖို့ ပစ်ဂ်မီ ဆိတ်ပုလေး ၄ ကောင်ကို သတ်ဖြတ်စေခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။​နော်ဂီရာကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

 ပစ်ဂ်မီ ဆိတ်ပုတွေက စာရင်းဖော်ပြချက်ထက် လျော့နေတာနဲ့ ပတ်သက်ပြီး အစောပိုင်းမှာ တိရစ္ဆာန်ရုံက အရေအတွက် မှားယွင်း ဖော်ပြမိခဲ့တာသာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ သားရိုင်း တိရစ္ဆာန် စောင့်ရှောက်ရေး တာဝန်ရှိသူတွေက ဆိတ်ပု အထီး ၅ ကောင်၊ အမ ၅ ကောင် ရှိတဲ့ထဲက ၄ ကောင်ဟာ နှစ်သစ်ကူးအကြို ညစာဖြစ်သွားရှာတယ်လို့ အတိအလင်း ပြောကြားခဲ့ပါတယ်။ ဆိတ်ပု ၄ ကောင်ကို တိရစ္ဆာန်ရုံထဲမှာပဲ သတ်ဖြတ်ပြီး ချက်ပြုတ်ခဲ့တာလို့လည်း သိရပါတယ်။

 ရုဇ်က အဲဒီ တောရိုင်း တိရစ္ဆာန်တွေရဲ့ အသားဟာ လူသားတွေ စားသောက်ဖို့ မသင့်တော်တာကြောင့် ညစာစားပွဲ တက်ရောက်ခဲ့တဲ့ ဧည့်သည်တွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ကြောင်းလည်း မှတ်ချက် ပေးခဲ့ပါသေးတယ်။

 နော်ရီဂါကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး တိရစ္ဆာန်ရုံ ရန်ပုံငွေကို ထိန်းချုပ်ချင်နေသူတွေက သူ့အပေါ် မသမာတဲ့ နည်းလမ်းတွေနဲ့ အပုပ်ချ နာမည်ဖျက်နေတာလို့ တုံ့ပြန်ခဲ့ပါတယ်။ နောက်ပြီး တိရစ္ဆာန်ရုံကို သူစီမံ ထိန်းချုပ်နေတဲ့ ကာလတလျှောက် လုပ်ခဲ့သမျှ ကိစ္စတိုင်းက ဥပဒေနဲ့ ညီညွတ်တယ်လို့လည်း နော်ရီဂါက ဆက်ပြောသွားခဲ့ပါတယ်။