မြောက်ကိုရီးယားရန်ကို ကာကွယ်ဖို့ အဆင့်မြင့် စစ်လက်နက်တွေ ပိုမိုဖြန့်ကျက်ထားမယ်လို့ အမေရိကန်ပြော

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့အတွက် ခေတ်မီ နည်းပညာမြင့် စစ်လက်နက်တွေ ပိုမို ဖြန့်ကျက်သွားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဝန်ကြီး လွိုက်ဒ် အော်စတင်က ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်ရဲ့ အဆင့်မြင့် နည်းပညာသုံး တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ အပါအဝင် စစ်လက်နက် အသစ်တွေ ပိုမို ဖြန့်ကျက်သွားမှာ ဖြစ်သလို တောင်ကိုရီးယားနဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း မြှင့်တင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

သူဟာ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး လီဂျုံဆွပ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေအပြီး အခု ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာပါ။ ဝန်ကြီး နှစ်ဦးက မဟာမိတ် နိုင်ငံတွေကြား စစ်ရေး ပူးပေါင်းလေ့ကျင့် ပြင်ဆင်မှုတွေကို အရှိန်အဟုန် ထပ်မြှင့်သွားဖို့လည်း သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

နီးစပ်သူတွေရဲ့ အဆိုအရ အော်စတင်နဲ့ လီတို့ဟာ မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်လာရင် ထိထိရောက်ရောက် တုံ့ပြန်ဖို့ သရုပ်တူ လေ့ကျင့်မှုတွေ အကောင်အထည် ဖော်ရေးအတွက်ပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားဟာ စံချိန်တင် အရေအတွက်ထိ ဒုံးကျည် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် တောင်ကိုရီးယားရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ် ကြောင့်ကြမှုတွေ မြင့်တက်လာခဲ့ပါတယ်။

တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့အတွက် အမေရိကန်အပြင် ဂျပန်နဲ့ပါ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။

အော်စတင်က တောင်ကိုရီးယားမှာ F-22နဲ့ F-35တို့လို နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေ ဖြန့်ကျက်ထားသလို လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်စု တစ်ခုကိုလည်း စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ရှေ့ဆက်ပြီးလည်း လက်နက်တွေ ပိုမို ဖြန့်ကျက်ထားရှိတာကို တွေ့ရမှာဖြစ်ကြောင်း ပြောသွားပါတယ်။

သူက အမေရိကန်ဟာ မဟာမိတ် တောင်ကိုရီးယားကို အကာအကွယ်ပေးဖို့ နျူကလီးယား တန်ပြန်ရေး အစီအမံတွေအပြင် စစ်မက်ရေးရာ နည်းပညာနဲ့ အင်အား အကုန်အစင် အသုံးပြုမှာဖြစ်ကြောင်းလည်း ထပ်လောင်း ကတိပြုသွားခဲ့ပါတယ်။