အိုလံပစ်မှာ ရုရှား အားကစားသမားတွေကို လုံးဝ ယှဉ်ပြိုင်ခွင့် မပေးဖို့ ယူကရိန်း သမ္မတ တောင်းဆို

လာမယ့် အိုလံပစ် ပြိုင်ပွဲကြီးမှာ ရုရှား အားကစားသမားတွေကို ပါဝင် ယှဉ်ပြိုင်ခွင့် လုံးဝ မပြုသင့်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဆော်ဩ တောင်းဆိုလိုက်ပါတယ်။

 အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုကို ကျူးကျော် တိုက်ခိုက်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ ရုရှားလို နိုင်ငံမျိုးကို ၂၀၂၄ ခုနှစ်၊ အိုလံပစ်မှာ ပါဝင် ယှဉ်ပြိုင်ခွင့် ပြုလိုက်မယ်ဆိုရင် အကြမ်းဖက် လုပ်ရပ်တွေကို နေရာပေး ထောက်ခံတဲ့ အဓိပ္ပါယ် ဖြစ်သွားလိမ့်မယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

 ၂၀၂၄ ခုနှစ်၊ အိုလံပစ်ကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပသွားမှာပါ။ ဇီလန်စကီးက သူဟာ ရုရှားကို ပါဝင်ခွင့် မပြုရေးအတွက် ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကိုလည်း ဆွေးနွေး တင်ပြထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

 တကယ်လို့ အိုလံပစ်မှာ ရုရှားသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရသွားရင် ဝါဒဖြန့်ရေးအတွက် သေချာပေါက် အသုံးချမှာ ဖြစ်တဲ့အတွက် လုံးဝ လက်ခံလို့ မရကြောင်း ဇီလန်စကီးက ဆိုပါတယ်။ လောလောဆယ်မှာတော့ နိုင်ငံတကာ အိုလံပစ် ကော်မတီ (IOC)က ရုရှားနဲ့ ဘီလားရုစ် အားကစားသမားတွေဟာ အိုလံပစ် ပြိုင်ပွဲတွေမှာ သက်ဆိုင်ရာ နိုင်ငံတွေကို ကိုယ်စားမပြုဘဲ အလွတ်သဘောနဲ့ ယှဉ်ပြိုင်ခွင့် ပြုမယ်လို့ ပြောကြားထားပါတယ်။ ဘီလားရုစ်ဟာ ရုရှားရဲ့ အမာခံ စစ်မဟာမိတ် နိုင်ငံဖြစ်ပြီး ယူကရိန်းကို ရုရှားက ကျူးကျော်ရာမှာ သွယ်ဝိုက် အကူအညီ ပေးခဲ့ပါတယ်။

 ဒါပေမဲ့ ယူကရိန်းကတော့ တကယ်လို့သာ ရုရှားနဲ့ ဘီလားရုစ် အားကစားသမားတွေကို ပါဝင်ခွင့် ပြုမယ်ဆိုရင် ပါရီ အိုလံပစ်ကို သပိတ်မှောက်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ IOCက ရုရှားနဲ့ ဘီလားရုစ် အားကစားသမားတွေကို ပြန်လက်ခံမယ်လို့ ပြောလိုက်တာဟာ အကြမ်းဖက် လုပ်ရပ်တွေကို တစ်နည်းတစ်ဖုံ လက်သင့်ခံပေးလို့ ရပါတယ် ဆိုတာမျိုး ကမ္ဘာကြီးကို အသိပေးလိုက်တဲ့ သဘောပဲလို့ ဇီလန်စကီးက ဆိုပါတယ်။

 ရုရှားဟာ သူတို့ရဲ့ ကျူးကျော်မှုကို တရားနည်းလမ်း ကျသယောင် ဝါဒ ဖြန့်နိုင်မယ့် အိုလံပစ် အပါအဝင် ဘယ်လို အားကစား ပြိုင်ပွဲမျိုးမှာမှ ပါဝင်ခွင့် မရထိုက်ဘူးလို့ ယူကရိန်း သမ္မတက ပြတ်ပြတ်သားသား ပြောကြားသွားပါတယ်။ သူက ၁၉၃၆ ခုနှစ်တုန်းက ဘာလင် အိုလံပစ်ကို နာဇီ ပါတီက ဝါဒဖြန့်ဖို့ အသုံးချခဲ့ဖူးတာကိုလည်း ထောက်ပြခဲ့ပါတယ်။

 အိုလံပစ် ပြိုင်ပွဲဟာ အဲဒီတုန်းက အမှားကြီး တစ်ခုကို ကျူးလွန်ခဲ့ဖူးတာ မမေ့သင့်ကြောင်း၊ အိုလံပစ်ရဲ့ ရပ်တည်ချက်နဲ့ အကြမ်းဖက် နိုင်ငံတွေဟာ ဘယ်လိုမှ ထိတွေ့ ဆက်နွှယ်တာမျိုး မရှိသင့်ကြောင်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

 ဒီအတောအတွင်း ဗြိတိန် အစိုးရကလည်း ရုရှားနဲ့ ဘီလားရုစ် အားကစားသမားတွေကို ပြန်လည်ခံဖို့ စီစဉ်နေတဲ့ IOCရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ရှုတ်ချထားခဲ့ပါတယ်။ အဲဒီ နှစ်နိုင်ငံက ကစားသမားတွေကို အိုလံပစ်မှာ ယှဉ်ပြိုင်ခွင့် ပြုမယ်ဆိုရင် ရက်စက် ကြမ်းကြုတ်လှတဲ့ စစ်ပွဲရဲ့ အရှိတရားကို မျက်ကွယ်ပြုသလို အဓိပ္ပါယ် သက်ရောက်သွားလိမ့်မယ်လို့ ဗြိတိန် အိုလံပစ် ကော်မတီက သဘောထား ထုတ်ပြန်ထားပါတယ်။