ဘဝမှာ အကြီးကျယ်ဆုံး အောင်ပွဲကို ရရှိခဲ့တာလို့ ဂျိုကိုဗစ် ကြွေးကြော်

သူ့ဘဝရဲ့ အကြီးကျယ်ဆုံး အောင်ပွဲကို ရရှိခဲ့တာ ဖြစ်တယ်လို့ ဩစတြေးလျ အိုးပင်း ချန်ပီယံ နိုဗက် ဂျိုကိုဗစ်က ကြွေးကြော်လိုက်ပါတယ်။

 အသက် ၃၅ နှစ် ရှိပြီဖြစ်တဲ့ ဂျိုကိုဗစ်ဟာ မဲလ်ဘုန်းမြို့မှာ ကျင်းပတဲ့ အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ စတီဖာနော့စ် ဆစ်ဆီပက်စ်ကို အနိုင်ယူပြီး ချန်ပီယံဆုကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ကိုဗစ် တားဆီး ထိန်းချုပ်မှု စည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် အဲဒီ ပြိုင်ပွဲကြီးနဲ့ လွဲချော်ခဲ့ဖူးပါတယ်။

ဩစတြေးလျ အိုးပင်းမှာ ၁၀ ကြိမ်မြောက် ဗိုလ်စွဲခဲ့တဲ့ ဂျိုကိုဗစ်ဟာ ဂရင်းဆလင်းအဆင့် ထိပ်တန်း တင်းနစ် ပြိုင်ပွဲကြီး ၄ ခုမှာ စုစုပေါင်း ၂၂ ကြိမ် ဗိုလ်စွဲထားတဲ့ ခါးသီးပြိုင်ဘက် ရာဖေးလ် နာဒဲလ်ရဲ့ စံချိန်ကိုလည်း လိုက်မီသွားခဲ့ပါတယ်။ သူ့အတွက် အခုနှစ် ပြိုင်ပွဲဟာ အတော်လေး ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံခဲ့ပေမယ့် အဆုံးမှာတော့ ချန်ပီယံ ဆုကြီးကို သိမ်းပိုက်နိုင်ခဲ့တာပါ။

 ဂျိုကိုဗစ်ဟာ ပြိုင်ပွဲကျင်းပနေတုန်း တံကောက်ကြော ဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရတဲ့အပြင် ဖခင်ဖြစ်သူက ရုရှားရဲ့ ကျူးကျော်စစ်ကို လိုလားသူတွေနဲ့ အတူတွဲ ဓာတ်ပုံရိုက်မိတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာ ပြင်ပ ဖိအားတွေကိုပါ ဂျိုကိုဗစ်တစ်ယောက် ရင်ဆိုင်ခဲ့ရပါတယ်။

 ဗိုလ်လုပွဲကို အနိုင်ကစားပြီးတဲ့နောက် ဂျိုကိုဗစ်က ပြီးခဲ့တဲ့ သီတင်း လေးငါးပတ်တာ ကာလအတွင်း သူ့အနေနဲ့ ဘယ်လို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသလဲ ဆိုတာကို မိသားစုနဲ့ အဖွဲ့သားတွေပဲ ထဲထဲဝင်ဝင် သိထားကြကြောင်း၊ သူဟာ ဘဝမှာ အကြီးမားဆုံး အောင်ပွဲကို ရရှိခဲ့တာလို့ ခံစားမိကြောင်း ဂျိုကိုဗစ်က ပြောကြားသွားခဲ့ပါတယ်။

 ဂျိုကိုဗစ်ဟာ နိုင်ပွဲရပြီးတဲ့နောက် မိသားစုဝင်တွေ ရှိနေတဲ့ ပွဲကြည့်စင် အထူးဧရိယာမှာ သွားရောက် အောင်ပွဲခံရင်း ငိုကြွေးနေခဲ့တာကို တွေ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် သူဟာ ဇန်နဝါရီ ၃၀ ရက်ကစလို့ ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်လည် တက်လှမ်းခွင့် ရခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ အရင်က ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်ဖူးတာတွေနဲ့ ပေါင်းလိုက်ရင် အဲဒီနေရာမှာ သီတင်းပတ်ပေါင်း ၃၇၄ ပတ်ထိ ကြာမြင့်တဲ့ အရှည်ကြာဆုံး စံချိန်ကို ဆက်ပြီး ထိန်းသိမ်းလာနိုင်တော့မှာ ဖြစ်ပါတယ်။

 သူဟာ လွန်ခဲ့တဲ့ ၁၂ လတုန်းကကတော့ ဩစတြေးလျရဲ့ ကပ်ရောဂါ တားဆီး ထိန်းချုပ်ရေး စည်းမျဉ်းတွေကို မလိုက်နာခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်ကြောင့် နယ်နှင်ခံခဲ့ရပြီး ပြိုင်ပွဲနဲ့ လွဲခဲ့ပါတယ်။ နောက်ပြီး ဒီနှစ်မှာ သူရထားတဲ့ ဒဏ်ရာမျိုး တခြား ကစားသမား တစ်ယောက်ယောက်သာ ရထားခဲ့မယ်ဆိုရင် ပြိုင်ပွဲက နုတ်ထွက်ဖို့ ၉၇ ရာခိုင်နှုန်းလောက် သေချာတယ်လို့ နည်းပြဖြစ်သူ ဂိုရန် အီဗန်နီ ဆီဗစ်က မှတ်ချက် ပေးခဲ့ပါတယ်။

 ဂျိုကိုဗစ်နဲ့ နာဒဲလ်တို့ဟာ လက်ရှိ အချိန်မှာ အနားယူသွားပြီဖြစ်တဲ့ ဆွစ်ဇာလန်သား ရော်ဂျာ ဖက်ဒါရာနဲ့အတူ မျိုးဆက် တစ်ခုရဲ့ အတောက်ပဆုံး တင်းနစ်သမားတွေအဖြစ် ရပ်တည်ခဲ့ပြီး ကြီးသုံးကြီးလို့ တင်စား ခံခဲ့ရပါတယ်။ ဂျိုကိုဗစ် နောက်ထပ် ယှဉ်ပြိုင်ရမယ့် ဂရင်းဆလင်းကတော့ ပြင်သစ် အိုးပင်းဖြစ်ပြီး မေ ၂၈ ရက်မှာ စတင်သွားမှာပါ။ မြေစေးကွင်းမှာ ယှဉ်ပြိုင်ရတဲ့ အဲဒီ ပြိုင်ပွဲကတော့ ပြိုင်ဘက်ဖြစ်သူ နာဒဲလ် အကျွမ်းကျင်ဆုံး နယ်ပယ် တစ်ခုဖြစ်ပြီး ၁၄ ကြိမ်ထိ ဗိုလ်စွဲထားနိုင်ခဲ့ပါတယ်။