စစ်ရှောင်စခန်းကနေ ထပ်ပြီးစစ်ရှောင်ရတဲ့ ကရင်နီစစ်ရှောင်စခန်းတွေ ပိုပြီးအခက်ကြုံနေကြ

ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ စစ်ရှောင်စခန်း ၃ခုနဲ့ ဒေသခံ ရွာပေါင်း ၁၁ ရွာဟာ နေရာထပ်ပြောင်းရွေ့ရပြီး အခက်အခဲတွေကြုံနေရတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ကစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီကာကွယ်ပေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီ စစ်ကောင်စီတပ်တွေဟာ စစ်ရှောင်စခန်းတွေအနီးကို လေကြောင်းတိုက်ခိုက်တာတွေနဲ့ စစ်ကြောင်းထိုးပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဒီအခြေအနေတွေကြောင့် ကျောင်းသူကျောင်းသား ရာချီနဲ့ ‌ IDPs စစ်ရှောင်စခန်း (၃)ခုက စစ်ရှောင် ၁၀၀၀ ကျော်နဲ့ အနီးအနားကရွာပေါင်း ၁၁ ရွာက ဒေသခံ ၄၀၀၀ ကျော်ဟာ နေရာပြောင်းရွေ့ပြီးတခါစစ်ဘေးရှောင်ခဲ့ကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

”စစ်ဘေးရှောင်နဲ့ ရွာခံပေါင်းလိုက်ရင် ၅၀၀၀ နီးပါးဖြစ်သွားတယ်။ အဓိကကတော့ စစ်ဘေးရှောင်တွေအတွက် ပိုဆိုးတာက စစ်ဘေးရှောင်စခန်းမှာ ရတဲ့ အမိုးလေးတွေ၊ အကာလေးတွေနဲ့ နေပါတယ်။ အခု ထပ်ရွေ့လိုက်တော့ အမိုးအကာတွေက ပြသနာတက်လာတယ်ပေါ့။ တနှစ်ကျော်နီးပါး နေလာတဲ့ နေရာမှာ အမိုးလေတွေ၊ ရတဲ့ သစ်၊ ဝါးလေးတွေနဲ့ အကာလေးတွေနဲ့ နေကြတယ်ပေါ့။ အခု ‌ရွေ့လိုက်ရတဲ့ နေရာသစ်မှာတော့ သစ်ဝါး ခုတ်ဖို့ကလည်း အဆင်မပြေ၊ အဲတော့ ရာသီဥတုဒဏ်ကို ခံရတယ်။ ကလေးတွေရဲ့ ကျန်းမာရေးတွေလည်း အခုကာလကလည်း အရမ်းအေးတော့ သူတို့ ခံစားနေရပါတယ်” လို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ကိုဗညားက DNA ကိုပြောပါတယ်။

လက်ရှိမှာတော့ ပြောင်းရွေ့ရတဲ့ စစ်ရှောင်တွေဟာ စစ်ရှောင်စခန်း ၁၀ ခုမှ တကွဲတပြားစီနေထိုင်ရပြီး အခက်အခဲတွေရင်ဆိုင်နေကြရပါတယ်။

ကရင်နီဒေသမှာ စစ်အာဏာသိမ်းမှု ၂ နှစ်နီးပါးရှိလာချိန်မှာ ပြည်နယ်လူဦးရေရဲ့ ထက်ဝက်ကျော်လောက်ဟာ စစ်ရှောင်စခန်းပေါင်း ၂၂၀ လောက်မှာဖြန့်ကျက်စစ်ရှောင်နေရပြီး စားနပ်ရိက္ခာနဲ့‌‌ဆေးဝါးစတဲ့ ဘက်ပေါင်းစုံကအခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။

တချို့စစ်ရှောင်စခန်းတွေမှာတော့ ၄လ အကြာမှာ တခါ တအိမ်ထောင်ကို ဆန် ၂ပြည်ဝေမျှနိုင်တဲ့အခြေအနေဖြစ်နေပြီး ခက်ခဲနေချိန်မှာ စစ်ရှောင်စခန်းကနေ ထပ်ပြီး စ်စ်ဘေးရှောင်ရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ စစ်ရှောင်တွေကဆိုကြပါတယ်။