စစ်တပ်စစ်ကြောင်းထိုးမီးရှို့လို့ ကန့်ဘလူနဲ့ ကျွန်းလှက ဒေသခံတသောင်းကျော် ဘေးလွတ်ရာပြေးနေရ

စစ်ကိုင်းတိုင်းတွင်းရှိ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်အစပ်ထဲကရွာတွေကို စစ်ကောင်စီတပ်တွေက အခုရက်သတ္တပတ်ထဲမှာပဲ ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ရွာပေါင်း ၁၂ ရွာက ဒေသခံတသောင်းကျော်လောက် ဘေးလွတ်ရာထွက်ပြေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလဆန်းပိုင်းကတည်းက ကျွန်းလှနဲ့ ကန့်ဘလူကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကျွန်းလှမြို့နယ်ကံပေါက်ရွာကို စစ်ကြောင်းထိုးပစ်ခတ်ခဲ့သလို ဒီကနေ့မှာလည်း ကန့်ဘလူမြို့နယ်ထဲက ချောင်းကြားကျေးရွာကို ဆက်ပြီး စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းကထွက်သွားပေမယ့် တနေရာနဲ့တနေရာ မဝေးဘူး။ အကုန်တောထဲရှောင်နေကြတယ်။ ပြန်ဝင်လို့တော့မရသေးဘူး။ စစ်ကြောင်းထါဖက်ပြီး ၄၊၅ရက်နေမှပြန်ဝင်ကြတာများတယ်။ စစ်ကြောင်းမဝေးရင် တောထဲမှာပဲ ဆက်နေကြတယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိ သူတဦးက DNA ကိုပြောပါတယ်။

အခုလက်ရှိစစ်ကောင်စီတပ်တွေမီးတင်ရှို့သွားတဲ့ချောင်းကြား ရွာဟာအိမ်ခြေ ၁၁၈ လုံးရှိပြီး ဒေသခံနေအိမ် ၂၃လုံးနဲ့ စပါးကျီ ၁၃ လုံးမီးလောင်ပျက်စီးသွားတယ်လို့ဆိုပါတယ်။

အဲဒီ ချောင်းကြား ရွာဟာဆိုရင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်မှာလည်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းမှတ်တမ်းတွေအရသိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာတွေဆက်လုပ်နေပါတယ်။ ဒီအခြေနေတွေကြောင့် ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ အင်းမ၊‌ ညောင်ကုန်း၊ မန်ကျည်းကုန်း၊‌ တောင်ယာဆိပ်၊ သရက်တော၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာစတဲ့ ကျေးရွာက ဒေသခံ တသောင်းကျော်ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။