ဒေသခံတသောင်းခွဲလောက် အိုးအိမ်မဲ့နေတဲ့ ခင်ဦးမြို့နယ်ထဲကရွာတွေ မီးထပ်ရှို့ခံရပြန်

စစ်တပ်အာဏာသိမ်းပြီးကတည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြားဒေသခံပေါင်း ၁၅၀၀၀ ခွဲလောက် အိုးအိမ်မဲ့နေတဲ့ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေဆဲဖြစ်ပါတယ်။

မနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာတော့ ခင်ဦးမြို့နယ်အနောက်တောင်ဘက်မှာရှိတဲ့ ရေဦး-ညောင်ပင်သာကားလမ်းမှာရှိတဲ့ ရွာသစ်ရွာကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်တချို့နဲ့ စစ်ရှောင်ပြည်သူတွေအသုံးပြုနေတဲ့ မူးမြစ်ကူးတံတားငယ်ကို ဒုတိယအကြိမ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“စစ်ကြောင်းထိုးတာက မနက်၁၀နာရီခွဲလောက်မှာ ၊ ရွာသစ်ကုန်း နဲ့ အင်းပက်ကွေ့ဈေးတန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၃၀ခန့်က ရွာထဲကို လက်နှက်တွေ နဲ့ ရမ်းသမ်းပစ်ခတ်ပြီး ဝင်လာတယ်။ နေအိမ်တွေကို မီးရှို့ပြီးတော့ တောထဲမှာ ကြက်သွန်တူးနေတဲ့ ရွာသစ်ကအမျိုးသမီး ၄ဦးဆီကဖုန်းနဲ့ပိုက်ဆံတွေယူသွားတယ်” လို့ ဒေသခံတဦးကဆိုပါတယ်။

ဒီအခြေအနေတွေကြောင့် ရွာသစ်ရွာက နေအိမ် ၆လုံးမီးရှို့ခံရသလို တိရိစ္ဆာန်တချို့လည်း သေဆုံးပြီးတချို့ကတော့ မီးလောင်ဒဏ်ရာတွေရခဲ့ကြတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကလည်းထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ခင်ဦးမြို့နယ်ထဲမှာ ရွာပေါင်း ၆၀ ကဒေသခံနေအိမ် ၂၉၀၀ ကိုစစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ တသောင်းခွဲလောက် အိုးအိမ်မဲ့ခဲ့ကြရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက စာရင်းပြုစုထုတ်ပြန်ထားပါတယ်။