စစ်အာဏာသိမ်း ၂ နှစ်ပြည့်မှာ အသံတိတ်လှုပ်ရှားမှုနဲ့ ဆန့်ကျင်ဖို့ နှိုးဆော်

စစ်တပ်အာဏာသိမ်းတာ ၂ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ဖို့ပြည်သူတွေအနေနဲ့ အသံတိတ်လှုပ်ရှားမှုနဲ ဆန္ဒထုတ်ဖော်ကြဖို့ တော်လှန်ရေးအင်အားစုတွေကနှိုးဆော်တိုက်တွန်းနေကြပါတယ်။

လူထုအနေနဲ့ စစ်တပ်ကဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်မှုသွေးမအေးကြောင်းပြသတဲ့အနေနဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀နာရီကနေ ၃နာရီအတွင်း လမ်းမတွေပေါ်မထွက်ဘဲငြိမ်သက်ခြင်းနဲ့ ဆန္ဒပြဖို့ နှိုးဆော်ထားကြတာဖြစ်ပါတယ်။

‘’ လာမယ့် ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်နေ့ မနက် ၁၀နာရီကနေ ညနေ ၃နာရီအတွင်း လမ်းမတွေမှာ၊ အများပြည်သူဆိုင်၊ နေရာတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေဖို့၊ ပြည်သူတွေ အပြင်မထွက်ကြဖို့ ၊ ကိုယ့်အိမ်၊ ကိုယ့်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်မှာပဲ နေကြပါဖို့ ပြည်သူမှ ပြည်သူချင်း တိုက်တွန်းနှိုးဆော်ကြပါစို့..။Silent Strike ကို ပညာသားပါပါနဲ့ ပါဝင်ဆင်နွှဲကြပါစို့’’ ဆိုပြီးအထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB)ကလည်းထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုကိုစစ်ကောင်စီကတော့ အကြမ်းဖက်နည်းနဲ့ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ခြိမ်းခြောက်ပြောဆိုမှုတွေလည်းလုပ်ဆောင်နေပါတယ်။

စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြားကနေပဲ တော်လှန်ရေးအင်အားစုတွေ နှိုးဆော်ထားကြတဲ့ အသံတိတ်သပိတ်နေ့တွေမှာ နိုင်ငံတဝန်းလူထုဟာ မြို့လုံးကျွတ်နီးပါးအသံတိတ် ဆန္ဒပြမှုတွေလုပ်ခဲ့ကြပါတယ်။

‘’တိတ်ဆိတ်သံကိုတောင် ကြောက်လန့်နေရတဲ့ အာဏာရူးတသိုက် သွေးရူးသွေးတန်းခြိမ်းခြောက်မှုနဲ့လူထုရဲ့ယုံကြည်ချက်ကို ဖြိုခွင်းနိုင်မယ်ထင်နေတယ်” လို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်းထုတ်ပြန်ပြောဆိုထားပါတယ်။