ကျုံပျော်မြို့ ရဲကင်းအနီး ဗုံးပေါက်ကွဲမှု ရဲတဦးဒဏ်ရာရ

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်ထဲက အင်းရဲလမ်းဆုံမှာရှိတဲ့  ရဲကင်းအနီးမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက   ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရဲတပ်သားတဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

“ရဲတစ်ယောက်  ဒဏ်ရာရသွားလို့ ဆေးရုံတင်ထားရတယ်။ သွေးတွေကရွဲနေတာပဲ။ သူကိုင်တဲ့သေနတ်လည်း ပျက်စီးသွားတယ် “လို့ ဒေသခံ တဦးက DNA ကိုပြောပါတယ်။

ဒဏ်ရာရှိသူဟာ ရဲဒုတပ်ကြပ် သူရအောင် ဖြစ်ပြီး လက်ရှိမှာ မြို့နယ်ပြည်သူ့ဆေးရုံ မှာ တက်ရောက်ဆေးကုသနေတယ် လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကသိရပါတယ်။

ဒဏ်ရာရရှိသွားတဲ့ ရဲတပ်ဖွဲ့၀င်ဟာ ကျုံပျော်မြို့နယ် ၊ အထောင်၊ သောင်ကြီးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လက လှေဆွဲရွာက ဒေသခံတွေကိုစစ်တပ်ကကြမ်းဖက်ပစ်ခတ်မှုမှာ ရှေ့ဆုံးကပါဝင်ခဲ့သူဖြစ်တယ်လို့လည်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

“ဗုံးကအတော်ပြင်းပုံရတယ်။ အသံလည်းတော်တော်ကျယ်တယ်။ ကင်းစခန်းက သဲအိတ်တွေ လွင့်စင်သွားတယ် ဗုံးပေါက်ကွဲခဲ့ချိန်မှာ ရဲကအဲဒီတဦးထဲရှိနေတာ “လို့ မျက် မြင်တွေ့ရှိလိုက်သူတဦးကဆိုပါတယ်။

ဗုံးပေါက်ကွဲမှု နဲ့ပါတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှထုတ်ပြန်ပြောဆိုတာမတွေ့ရသေးပါဘူး။