ယူကရိန်း အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ ရုရှားက ထိုးစစ်ဆင်မှုတွေ အရှိန်မြှင့်လာ

ယူကရိန်း နိုင်ငံ အရှေ့ပိုင်းနဲ့ မြောက်ပိုင်း နယ်မြေတချို့မှာ ရုရှားဖက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပိုမို ပြင်းထန်လာနေကြောင်း ယူကရိန်း စစ်တပ်က အတည်ပြုပါတယ်။

 အနောက်နိုင်ငံတွေက ယူကရိန်းအတွက် ခေတ်မီ တိုက်ပွဲဝင် တင့်ကားတွေ ပို့ဆောင်ဖို့ ကတိပြုလိုက်တဲ့နောက် ချက်ချင်းဆိုသလို ရုရှားဖက်က စစ်ဆင်ရေးတွေနဲ့ ဒုံးကျည် ပစ်ခတ်မှုတွေ များပြားလာခဲ့ပါတယ်။ အခု သီတင်းပတ်ထဲမှာ ရုရှားဒုံးကျည်တွေ ကျရောက် ပေါက်ကွဲလို့ ယူကရိန်း အရပ်သား တစ်ဒါဇင် ဝန်းကျင်လောက် သေဆုံးခဲ့ပါသေးတယ်။

 လက်ရှိ အခြေအနေအရ နိုင်ငံ အရှေ့ပိုင်း၊ ဒွန်းညက်စ် ဒေသနားက ဘိုဟွိုင်ယက်ဗ်လန်ကာ မြို့တဝိုက်မှာ တိုက်ပွဲတွေ အရမ်း ပြင်းထန်နေတယ်လို့လည်း ယူကရိန်းက အတည်ပြုပါတယ်။ နောက်ပြီး ယူကရိန်း အရှေ့မြောက်ပိုင်းက ခါကစ်ဗ်တ​ဝိုက်မှာလည်း ရက်ပိုင်းအတွင်း တိုက်ပွဲအရှိန် သိသိသာသာ တက်လာတယ်လို့ ဆိုပါတယ်။

 စစ်ရေး သုတေသီတွေကတော့ ရုရှားဟာ ယူကရိန်းလက်ထဲ အနောက်နိုင်ငံလုပ် အဆင့်မြင့် တင့်ကားတွေ ရောက်မလာခင် အတောအတွင်း နယ်မြေတွေ ပိုမို ထိန်းချုပ်နိုင်အောင် အားထည့်လာတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

 ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အနောက်မဟာမိတ် နိုင်ငံတွေ အနေနဲ့ တင့်ကားတွေကို တတ်နိုင်သမျှ မြန်မြန် ပေးပို့ကြဖို့ တိုက်တွန်း ပန်ကြားထားသလို အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကိုပါ တောင်းဆိုဖို့ အလားအလာ ရှိနေပါတယ်။

 လက်ရှိ အချိန်ထိ နိုင်ငံတချို့က ယူကရိန်းအတွက် အကြီးစား တိုက်ပွဲဝင် တင့်ကားတွေ စုစုပေါင်း ၃၂၁ စီးထိ ထောက်ပံ့ပေးဖို့ ကတိပြုထားကြပေမယ့် သယ်ယူပို့ဆောင်ရေး ကိစ္စမှာ စိန်ခေါ်မှုတွေ ကြုံနေရဆဲလို့ သိရပါတယ်။