ပိုလန်ကသာ ဂျာမန်လုပ် တင့်ကားတွေ ယူကရိန်းဆီ လွှဲပေးချင်ရင် တားမှာမဟုတ်ဘူးလို့ ဂျာမနီပြော 

ပိုလန်ကသာ သူတို့ရဲ့ ဂျာမန်လုပ် တင့်ကားကြီးတွေ ယူကရိန်းဆီ ပေးပို့ ကူညီချင်တယ်ဆိုရင် ကြားဝင် ဟန့်တားမှာ မဟုတ်ကြောင်း ဂျာမနီ အစိုးရက ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ကမကထပြုပြီး NATO အပါအဝင် မဟာမိတ် နိုင်ငံတွေရဲ့ ကာကွယ်ရေး ဝန်ကြီးတွေ အစည်းအဝေး တစ်ခုကို ဂျာမနီမှာ ကျင်းပခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး တောင်းဆိုထားတဲ့ အကြီးစား တင့်ကားတွေ ထောက်ပံ့ ပေးပို့ရေးကိစ္စ ဆွေးနွေးဖို့ပါ။ ဂျာမနီလုပ် Leopard 2 တင့်ကားတွေ ယူကရိန်းဆီ ပေးပို့ရေးကိစ္စကို အဓိက ဦးတည် ဆွေးနွေးခဲ့ကြပေမယ့် ဂျာမနီ အစိုးရရဲ့ တွန့်ဆုတ်မှုကြောင့် အထမမြောက်ခဲ့ပါဘူး။ 

ဒါပေမဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အန်နယ်လီနာ ဘေရာဒေါ့ခ်ကတော့ တကယ်လို့ ပိုလန်ကသာ သူတို့လက်ထဲမှာ ရှိနေနှင့်ပြီးဖြစ်တဲ့ Leopard 2တွေကို ယူကရိန်းဆီ လွှဲပေးမယ် ဆိုရင်တော့ ဂျာမနီ အနေနဲ့ ကြားဝင် တားမြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ 

လောလောဆယ်မှာတော့ ပိုလန်က ဒီကိစ္စနဲ့ ပတ်သက်လို့ ဂျာမနီကို တရားဝင် ဆက်သွယ် မေးမြန်းတာမျိုး မရှိသေးကြောင်း၊ တကယ်လို့ စုံစမ်းလာမယ် ဆိုရင်လည်း ဂျာမနီ အနေနဲ့ ကြားဝင်ပြီး ဟန့်တား နှောင့်ယှက်စရာ ဘာအကြောင်းမှ မရှိကြောင်း ဘေရာဒေါ့ခ်က ပြောကြားသွားပါတယ်။ 

အဓိပတိ အိုလက်ဖ် ရှော့ဇ် ဦးဆောင်တဲ့ ဂျာမနီ အစိုးရဟာ နာမည်ကြီး Leopard 2 တင့်ကားတွေ ယူကရိန်းဆီ ပေးပို့ဖို့ ဘက်ပေါင်းစုံ ဖိအားတွေနဲ့ ကြုံနေရပါတယ်။ ဒါပေမဲ့ ရှော့ဇ်ကတော့ ဂျာမနီဟာ ယူကရိန်းအတွက် ခုခံ ကာကွယ်ရေး လက်နက်တွေသာ ထောက်ပံ့ဖို့ ဆန္ဒရှိတယ်လို့ အကြောင်းပြပြီး ဂျာမန်စစ်တပ်ရဲ့ Leopard 2တွေကို လက်လွှဲပေးဖို့ ကြံ့ကြံ့ခံ ငြင်းဆိုနေဆဲပါ။ 

လောလောဆယ်မှာတော့ အနောက်မဟာမိတ် နိုင်ငံတွေထဲက ဗြိတိန်ဟာ သူတို့ရဲ့ Challenger 2 တိုက်ပွဲဝင် တင့်ကား ၁၄ စီးကို ယူကရိန်းဆီ ပို့ဆောင်မယ်လို့ ကတိပြုထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်မြေပြင်မှာ ရုရှားရဲ့ သံချပ်ကာ စစ်ရေးစွမ်းရည် သာလွန်မှုကို လက်တွေ့ တွန်းလှန်ဖို့အတွက် Leopard 2တွေနဲ့ အမေရိကန်လုပ် M1 Abramsလို အကြီးစား တင့်ကားတွေ လိုအပ်နေဆဲလို့ ဇီလန်စကီးက ပြောကြားထားပါတယ်။