ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတဲ့ ၁၀၆ တပ်ပိုင်မြေနေရာမှာ ဆောက်လုပ်မယ့် ရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းတွေကို NUG က ရောင်းချရာမှာ စတင်ရောင်းချတဲ့ ဇန်နဝါရီ ၂၁ ရက်မှာပဲ အခန်းအားလုံးရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းရောင်းချငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀.၀၉သန်းဖိုးရောင်းချနိုင်ခဲ့ပြီး မူလခန့်မှန်းထားတဲ့ ပထမနေ့အရောင်းပမာဏထက် များစွာကျော်လွန်ခဲ့တယ်လို့
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနေ့ ဇန်နဝါရီမနက် ၁၀ နာရီက စတင်ရောင်းချချိန်မှာတင် ကွန်ဒိုအခန်းပေါင်း ၃၆၀ ကိုနာရီဝက်အတွင်းရောင်းချနိုင်ခဲ့တာဖြစ်ပြီး နေ့ဝက်အတွင်းအခန်းပေါင်း ၇၀၀ ကျော်ရောင်းချနိုင်ခဲ့တာဖြစ်တယ်လို့
NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
အဲဒီကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတဲ့ ၁၀၆ တပ်ပိုင်မြေနေရာဟာ စစ်တပ်က တရားမဝင်သိမ်းပိုက်ထားတဲ့
မြေနေရာဖြစ်ပြီး NUG အစိုးရ ရဲရင့်နွေဦး ကွန်ဒို (Spring Valour Condominium) ပရောဂျက်အနေနဲ့
အခန်းရောင်းချဖို့ ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။
ဒီရဲရင့်နွေဦးကွန်ဒိုတိုက်ခန်းတွေကို တော်လှန်ရေးကာလရန်ပုံငွေအတွက် နိုင်ငံခြားသားပိုင်ဆိုင်မှုခွင့်ပြုထားပြီး ဝယ်ယူလိုသူတွေအနေနဲ့ ကွန်ဒိုတိုက်ခန်းရဲ့ တန်ဖိုး ၄၀ ရာခိုင်နှန်းကို တော်လှန်ရေးကာလအတွင်း အရစ်ကျ ပေးချေရမှာဖြစ်ပါတယ်။
ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးလွန်ကာလမှာ ပေးချေရမှာဖြစ်တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။