မယ်စလောင်းတောင်စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကရင်နီတပ်မတော်ကရဲဘော်တဦးရဲ့ ဈာပန

ကယား(ကရင်နီ) ပြည်နယ် မယ်စလောင်းတောင်စခန်းသိမ်းတိုက်ပွဲမှာကျဆုံးခဲ့တဲ့ အသက် (၂၂)နှစ်အရွယ် ကရင်နီတပ်မတော်ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေးရဲ့ ဇာပနအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။

အသက် (၂၂)နှစ်အရွယ် ကရင်နီတပ်မတော်ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေးရဲ့ ဈာပန ကို KNDF က စစ်အခမ်းအနားနဲ့ ကျင်းပခဲ့ပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာအနီး မယ်စလောင်းတောင်စစ်ကောင်စီတပ်စခန်းကို KNDF နဲ့ PDF တပ်ဖွဲ့တွေက  ပြီးခဲ့တဲ့ ဇန်နဝါရီ(၂၀)ရက်  မနက်ပိုင်းကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

အဲဒီနေ့ မနက် ၈နာရီဝန်းကျင်ကစလို့  တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိခဲ့သလို လက်နက်ကြီးနဲ့ပစ်ကူတာတွေလည်းရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲကို Karenni Commando ၊ ကရင်နီတပ်မတော် (KA )၊ Loikaw PDF ၊ DMO PDF ၊ ဘောလခဲ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီးမယ်စလောင်းတောင်ကုန်းစခန်းသိမ်းတိုက်ပွဲနဲ့တချိန်တည်းမှာပဲ ဘောလခဲမြို့တွင်းက စစ်ကောင်စီ ခြေကုပ်စခန်း တချို့ကို KA နဲ့ KNDF တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်းကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့၊ ချိကယ်-ပါလောင်းလမ်းမကြီးအနီးမှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်သွားလာခြင်းမပြုဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၂)က ဇန်နဝါရီလ ၂၀ရက်က သတိပေးထုတ်ပြန်ခဲ့တာကိုလည်းတွေ့ရပါတယ်။