ရေးမြို့မှာ နယ်ထိန်းတဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့ပေါ် ရပ်ကွက်တခုအတွင်းမှာ ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်က နယ်ထိန်းခေါင်းဆောင် ရဲတပ်ဖွဲ့ဝင် တဦး ပစ်ခတ်ခံခဲ့ရပြီးနေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူဟာ ရေးမြို့၊အဏ္ဏဝါနန္ဒ(၂)ရပ်ကွက်အပိုင် နယ်ထိန်းခေါင်း ဆောင်ဟိန်းသူရဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်လာချိန် နန္ဒာရပ် ရေခဲစက်နားအရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“ဆိုင်ကယ်နဲ့ ဘယ်ကနေ ပြန်လာတယ်တော့ မသိဘူး၊ သူအပစ်ခံရတာ၊ မြို့ပေါ်မှာပေါ့၊ သူကတော့ အဲမှာပဲ ပွဲချင်းသေတယ်၊ လူနာတင် ယာဉ်နဲ့ သယ်သွားတာ၊ အဲဒါပြီးတော့ စစ်သားတွေက လမ်းသွားလမ်းလာတွေ လိုက်စစ်သေးတယ်” လို့ သူက ပြောပါတယ်။

နယ်ထိန်းခေါင်းဆောင်ဟိန်းသူရ ပစ်ခတ်ရှင်း လင်းခံရတဲ့နေရာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာ ခဏကင်းလှည့်လေ့ရှိတဲ့နေရာဖြစ်သလို လုံခြုံရေးတင်းကျပ်ထားတဲ့နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က သူတို့လုပ်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနယ်ထိန်းခေါင်းဆောင်ကိုရေး သေနတ်နဲ့ (၁၆) ချက်အထိပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်ခဲ့တဲ့ မနေ့က စစ်ကောင်စီရဲ့ ရေးမြို့နယ်အခြေစိုက် အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်နဲ့ ကျောင်းရွာအခြေစိုက်တပ်ရင်းတွေကနေ ကျုံလောင်းကျေးရွာဟောင်းဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်သန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရေးမြို့ပေါ်နဲ့ နှစ်မိုင်ခန့်သာ ကွာဝေးတဲ့ ကျုံလောင်းကျေးရွာဟောင်းကို ရေးဘီလူးအဖွဲ့က ထိန်းချုပ်ထားပြီဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ခေါင်းဆောင်က ဇန်န ဝါရီ ၁၉ ရက်မှာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေထုတ်ပြန်ထားပါတယ်။