အမေရိကန် ဦးဆောင်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းကို ဂျာမနီလုပ် တိုက်ပွဲဝင် တင့်ကားတွေ ထောက်ပံ့ပေးဖို့ ဆွေးနွေးမှုမှာ သဘောတူညီမှု တစ်စုံတရာ မရရှိဘဲ ဖြစ်ခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ မှာ အမေရိကန်က ကမကမထ ပြုပြီး ဂျာမနီနိုင်ငံက အမေရိကန်ရဲ့ ရမ်စတိန် လေတပ်စခန်းမှာ NATO အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံပေါင်း ၅၀ လောက်က ကာကွယ်ရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဂျာမနီလုပ် Leopard-2 တိုက်ပွဲဝင် တင့်ကားတွေကို ယူကရိန်းဆီ လွှဲပေးဖို့ ဖြစ်ပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ Leopard-2 တင့်ကားတွေ ရရှိရေးအတွက် အနောက်မဟာမိတ် နိုင်ငံတွေဆီ အစဉ်တစိုက် တောင်းဆိုနေခဲ့ပါတယ်။ ဒါပေမဲ့ မဟာမိတ် နိုင်ငံတွေ အနေနဲ့လည်း ယူကရိန်းကို ခုခံ ကာကွယ်ရေး လက်နက်တွေအစား တိုက်ခိုက်ရေး စစ်လက်နက်တွေ တပ်ဆင်ပေးလိုက်ရင် ပဋိပက္ခ ပိုဆိုးလာမှာကို ပြန်ချိန်ဆနေရပါတယ်။ ရုရှားကလည်း အနောက်နိုင်ငံတွေကသာ ယူကရိန်းကို ထဲထဲဝင်ဝင် လက်နက် တပ်ဆင်ပေးမယ်ဆိုရင် စစ်ပွဲဟာ လုံးဝဥဿုံ ခြားနားတဲ့ အဆင့်တစ်ခုဆီ ဦးတည်သွားလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဆွေးနွေးပွဲမှာတော့ ဂျာမနီဟာ သူတို့ရဲ့ Leopard-2တွေ လွှဲပြောင်းပေးရေးအတွက် အတိအလင်း သဘောမတူနိုင်ဘဲ ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ ဂျာမနီ အစိုးရဟာ ယူကရိန်းဆီ တင့်ကားတွေ လွှဲပေးရေး အရှိန်မြှင့် ဆောင်ရွက်ဖို့ ဘက်ပေါင်းစုံ ဖိအားတွေကို ရင်ဆိုင်နေရပါတယ်။ ဂျာမနီက သူတို့ဟာ တခြားနိုင်ငံတွေဆီက Leopard 2တွေ ယူကရိန်းဆီ လွှဲပေးရေးကိစ္စ မပိတ်ပင်ပါဘူးလို့ ပြောပေမယ့် ပိုလန်လို နိုင်ငံမျိုးတွေကတော့ ဂျာမနီဟာ ဒီကိစ္စကို ခွင့်ပြုဖို့ တွေဝေနေတယ်လို့ စွပ်စွဲပါတယ်။
ရုရှားဟာ ယူကရိန်း စစ်မြေပြင်မှာ တင့်ကားနဲ့ သံချပ်ကာ ယန္တရားတွေ အသုံးပြုမှုနဲ့ ပတ်သက်လို့ အားသာချက် ကြီးကြီးမားမား ရှိနေတာကြောင့် ဇီလန်စကီးက ဒီအခြေအနေကို ဘက်မျှစေမယ့် အနောက်နိုင်ငံထုတ် တင့်ကားတွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ NATO နိုင်ငံတွေမှာ ဗြိတိန်ဟာ ယူကရိန်းကို တင့်ကားတွေ ထောက်ပံ့တဲ့ ပထမဆုံး နိုင်ငံအနေနဲ့ သူတို့ရဲ့ Challenger 2 တိုက်ပွဲဝင် တင့်ကား ၁၄ စီး ပေးပို့မယ်လို့ ကြေညာထားပါတယ်။ ယူကရိန်း စစ်တပ်ကတော့ ပိုမိုကြီးမားပြီး တောင့်တင်းခိုင်မာတဲ့ Leopard 2နဲ့ အမေရိကန်လုပ် Abramsလို တင့်ကားတွေကို ဆက်လက် တောင်းဆိုနေကြောင်း သိရပါတယ်။