အအေးလွန်ကဲမှုကြောင့် အာဖဂန်မှာ ရက်ပိုင်းအတွင်း လူရှစ်ဆယ်နီးပါးသေ

အာဖဂန် နစ္စတန် နိုင်ငံမှာ အအေးလွန်ကဲမှုတွေကြောင့် ရက်ပိုင်းအတွင်း လူ ၈၀ ဝန်းကျင်လောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

နိုင်ငံရဲ့ ပြည်နယ်ပေါင်း ၃၄ ခုထဲက ၈ ခုမှာ ရာသီဥတု လွန်လွန်ကဲကဲ အေးခဲမှုကြောင့် သေဆုံးမှု သတင်းတွေ ရရှိထားတယ်လို့ တာလီဘန် အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။ အာဖဂန်ဟာ ၁၅ နှစ်တာ ကာလအတွင်း အအေးဆုံး ဆောင်းရာသီကို ရင်ဆိုင် ဖြတ်သန်းနေရပါတယ်။

 အာဖဂန်ရဲ့ ပျမ်းမျှ အပူချိန်ဟာ အနုတ် ၇ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ ကျဆင်းနေပြီး ရာသီဥတုနဲ့ ဆက်စပ်တဲ့ သေဆုံးမှု ၇၈ ခုထိ စာရင်းရထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အအေးလွန်ကဲလို့ သေဆုံးတဲ့ ဦးရေဟာ အဲဒီထက် အများကြီး ပိုနိုင်ပါတယ်။

 လာမယ့် ရက်ပိုင်းမှာ ရာသီဥတု ပိုအေးမြလာမယ့် အလားအလာ ရှိနေပြီး သက်ရောက်ခံစားရမယ့် ပြည်သူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ အရေးပေါ် တုံ့ပြန်ရေး ဌာနခွဲ အကြီးအကဲ အက်ဘ်ဒူလာ အာမာဒီက ပြောပါတယ်။

 တာလီဘန် အစိုးရဟာ ထောက်ပံ့ကူညီရေး ဝန်ထမ်းတွေထဲမှာ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့် မပေးဘူးလို့ တားမြစ်ခဲ့ခြင်းကြောင့် အကူအညီတွေ ပေးပို့ရာမှာ အဟန့်အတား ဖြစ်နေစေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က ဝေဖန် ပြောကြားထားပါတယ်။

 အာဖဂန်မှာ အအေးလွန်ကဲမှုကို လူတွေချည်း ခံစားရတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၉ ရက်တာအတွင်း ကျွဲ၊ နွားတွေနဲ့ မွေးမြူရေး တိရစ္ဆာန် ၇၇၀၀၀ လောက် သေကြေ ပျက်စီးခဲ့ပါတယ်။ ဒီအခြေအနေက အရင်ကတည်းက ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ နိုင်ငံရဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှု ကဏ္ဍကို ပိုမို ထိခိုက်လာစေတယ်လို့လည်း UNOCHAက ထုတ်ပြန်ထားပါတယ်။