ပြည်အကျဉ်းထောင်အတွင်းကနိုင်ငံရေးအကျဉ်းသားတွေစုပေါင်းကာ စစ်ကောင်စီရဲ့ အတုယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်းမပြုပဲ သပိတ်မှောက်ဆန့်ကျင်ကြဖို့ကြေညာချက်တစောင်ထုတ်ပြန်လိုက်ပါတယ်။
အကျဉ်းထောင်နဲ့ နီးစပ်သူတချို့က အဲ့ဒီကြေညာချက်ဟာ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေရဲ့သဘောထားဖြစ်ကြောင်း DNA ကိုအတည်ပြုပါတယ်။
စစ်အုပ်စုကို အပြီးတိုင်ဖျက်ဆီးဖို့ ဖိနှိပ်ခံပြည်သူ လူထုရဲ့ ခုခံတော်လှန်စစ်ဟာ အရှိန်အဟုန်မြင့်တက်နေပြီး အဲ့ဒီလိုခုခံတော်လှန်စစ်ကို အားနည်းလျော့ပါးသွားစေဖို့အတွက် စစ်ကောင်စီဟာ ပြည်မြို့အပါအဝင် အခြားမြို့နယ်တွေမှာပျော်ပွဲရွှင်ပွဲတွေဖန်တီးကျင်းပနေပြီး တဖက်မှာလည်းနိုင်ငံရေးထွက်ပေါက်တခုအဖြစ် အတုယောင်ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာကို အကျဉ်းထောင်အတွင်းကနေကြားရတဲ့အတွက် အခုလိုထုတ်ပြန်ချက်ထုတ်တာဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဆောင်ရွက်နေကြတဲ့ မည်သည့်ပုဂ္ဂိုလ်၊အဖွဲ့အစည်းကိုမဆို ဖက်ဆစ်စစ်ကောင်စီတပ်ကိုအားပေးကူညီသူများအဖြစ်သတ်မှတ်ပြီး ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို အရှိန်အဟုန်မြှင့်ကာ လွတ်လပ်ရေးပန်းတိုင်ကိုဆက်လက်ချီတက်ကြဖို့ ပြည်အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားများကအလေးအနက်တိုက်တွန်းကြောင်း အဲ့ဒီထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။
“ထောင်ထဲမှအကျဥ်းကျခံနေရတဲ့အချိန်မှာတောင် ယုံကြည်ချက်တွေပျက်ပြားမနေကြပဲနဲ့ ရပ်တည်ချက်ခိုင်ခိုင်မာမာရဲရဲဝံ့ဝံ့ တော်လှန်ရေးဘက်ခြမ်းမှရပ်တည်နေကြတဲ့အတွက် အရမ်းဂုဏ်ယူတယ်၊ပြည့သူလူထုတစ်ရပ်လုံးကလည်းအဲ့လိုပဲခံယူနေကြမယ့လို့ယုံကြည်တယ် ”လို့ ပြည်မြို့ကနိုင်ငံရေးအကျဉ်းသားဟောင်းတဦးက အဲ့ဒီထောင်တွင်းကြေညာချက်နဲ့ပတ်သက်လို့ပြောပါတယ်။