ကသာ၊မိုးတာလေးရွာကို လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုမှာ သေဆုံးသူခုနှစ်ဦးထက်ပိုများနိုင်ပြီး အလောင်းတွေမကောက်နိုင်သေး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲက မိုးတားလေးရွာကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေဗုံးကျဲတိုက်ခိုက်မှုကြောင့်ဒေသခံသေဆုံးမှုဟာ၇ဦးထက်ပိုများနိုင်ပြီးကလက်ရှိအချိန်ရွာထဲကအလောင်းတွေကို ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
မနေ့ဇန်နဝါရီ ၁၈ ရက်ညပိုင်းက မိုးတာလေးရွာအနီးက တောတွင်းတနေရာမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ပိုင်း ကျေးရွာအတွင်းကိုဂျက်ဖိုက်တာ ၃ စီးနဲ့ ပေါင်ငါးရာ မီးလောင်ဗုံးတွေကျဲချခဲ့တာဖြစ်တယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။
 
‘’ တကယ်တမ်းရွာနဲ့လည်းမဆိုင်ဘူး၊ တနေရာမှာဖြစ်တာ သူတို့ဘက်ကအထိအခိုက်ကျဆုံးလည်းများတယ်၊ အထိနာတော့ မိုးတာရွာထဲကို ဝင်ဖို့ကြိုးစားပြီး လေကြောင်းကနေရွာကိုဗုံးကြဲသွားတာ။ လေယာဉ်နဲ့ ဗုံးကျဲနေရင်းပဲ လက်နက်ကြီးတွေနဲ့လည်းတဖက်ကပစ်တယ်။ ဒေသခံက၇ဦးအထိသေဆုံးပြီးအလောင်းတွေလည်းအခုထိမကောက်နိုင်သေးတာတွေရှိတယ်’’ လို့ ကသာမြို့နယ်ပကဖတာဝန်ခံကိုအောင်လံက DNA ကိုပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်မနက်အထိလည်း ကသာမြို့ပေါ်က ဒေသတချို့နဲ့ မိုးတာတိုက်နယ်ဘက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေ စစ်ရေးတင်းမာနေတယ်အခြေအနေဖြစ်နေတယ်လို့ ဆက်သိရပါတယ်။
‘’ အခုမနက်ထိကိုတိုက်ပွဲတွေဖြစ်နေတယ်၊ မိုးတားတိုက်နယ်မှာလည်း ဖြစ်နေတယ်။ အင်းရွာတိုက်နယ်ဘက် အလယ်ကျွန်းရွာမှာလည်းဖြစ်နေတယ်။ ကသာမှာတိုက်ပွဲတွေစိပ်နေတယ်’’လို့ ကသာပကဖတာဝန်ခံကိုအောင်လံကဆက်ပြောပါတယ်။
မနေ့က စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်မှုလုပ်ချိန်မှာ မိုးတားလေးကျေးရွာမှာအလှူပွဲလုပ်နေချိန်ဖြစ်ပြီး သေဆုံးသူတွေအပြင် ဒဏ်ရာရသူတွေလည်းများပြားတဲ့အကြောင်း NUG ဝန်ကြီး ဒေါက်တာတူးခေါင်ကလည်းသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးထားပါတယ်။
ကသာနယ်ထဲကို စစ်ကောင်စီက အခုလိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်တာ ၇ကြိမ်ထက်မနည်းရှိနေပြီးဖြစ်ပြီး လက်ရှိဲမှာလည်း ရွာပေါင်း ၈ရွာထက်မနည်းဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
‘’မနေ့ကတော့နီးစပ်ရာကျွန်းတွေမှာရှောင်ကြတယ်။ နေစရာအိပ်စရာလည်းမရှိတော့နှင်းတောထဲပဲ အိပ်နေရတယ်’’ လို့ ဒေသခံတဦးကပြောပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပြည်တွင်းပြည်ပအဖွဲ့အစည်းတွေက တောက်လျောက်ဝေဖန်ရှုံချနေပေမယ့်စစ်ကောင်စီဘက်ကတော့ရပ်တန့်သွားတာမရှိတာကြောင့် အရပ်သားသေဆုံးမှုတွေလည်းဆက်ဖြစ်နေပါတယ်။