အိန္ဒိယ နိုင်ငံက စွန်လွှတ်ပွဲတော် တခုမှာ စွန်ကြိုးနဲ့ငြိတဲ့ ပြတ်ရှဒဏ်ရာတွေကြောင့် ကလေးတွေ အပါအဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဂူဂျာရတ်ပြည်နယ် ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၈ ရက်မှ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဂူဂျာရတ်မှာ နိုင်ငံတကာ စွန်လွှတ်ပွဲတော်ကြီးတစ်ခု ကျင်းပပြီး ပရိသတ် အမြောက်အမြား တက်ရောက်ခဲ့ပါတယ်။
ရဲတွေရဲ့ အဆိုအရ စွန်ကြိုးနဲ့ ငြိရာက လည်ပင်းပြတ်ရှမှုတွေကြောင့် ကလေး ၃ ဦး အပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။ စွန်လွှတ်သူ တချို့ဟာ သူတို့ရဲ့ စွန်ကြိုးတွေကို မှန်စာတိုက်ပြီး ထက်မြေ့နေအောင် စီမံထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ မှန်စာတိုက်ထားတဲ့ စွန်ကြိုးတွေ ငြိလို့ပဲ လူတွေ သေခဲ့သလို ဒဏ်ရာအပြင်းအထန် ရသွားသူတွေလည်း ရှိခဲ့ပါတယ်။
များသောအားဖြင့် မှန်စာတိုက်ထားတဲ့ စွန်ကြိုးတွေကို အာဏာပိုင်တွေက တားမြစ်ထားပေမယ့် စွန်လွှတ်သူ တချို့က ဆက်ပြီး သုံးနေကြဆဲပါ။ ဂူဂျာရတ်မှာ သေဆုံးသူ အများစုဟာ နှစ်ဘီးတပ်ယာဉ် (စက်ဘီး၊ ဆိုင်ကယ်) မောင်းနှင်သူတွေ၊ ဒါမှမဟုတ် အနောက်ဖက်မှာ စီးနင်း လိုက်ပါလာသူတွေ ဖြစ်ကြပါတယ်။
သေဆုံးသူ ၆ ဦးထဲမှာ အငယ်ဆုံးက အသက် ၂ နှစ်သာ ရှိသေးတဲ့ ကလေးမလေး ဖြစ်ပါတယ်။ သူဟာ ဘက်ဗ်နာဂါ မြို့နယ်မှာ ဖခင်ရဲ့ စက်ဘီးပေါ် လိုက်ပါလာရင်း စွန်ကြိုးငြိရာက လည်ပင်းပြတ်ရှပြီး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ ကလေးမလေးကို ဆေးရုံတင်ပို့ခဲ့ပေမယ့်လည်း ကွယ်လွန်သွားကြောင်း ရဲတွေက ပြောပါတယ်။ သီးခြား ဖြစ်စဉ် တစ်ခုမှာတော့ မိခင်နဲ့အတူ အိမ်ကို လမ်းလျှောက်ပြန်လာတဲ့ ၃ နှစ်သမီးလေး တစ်ယောက်လည်း စွန်ကြိုးကြောင့် လည်ပင်းဒဏ်ရာရပြီး ဆေးရုံပို့ခဲ့ပေမယ့် လမ်းခုလတ်မှာပဲ သေဆုံးသွားပါတယ်။ နောက်ပြီး မိဘတွေနဲ့အတူ ဆိုင်ကယ်စီးလာတဲ့ ၇ နှစ်သား ကလေးတစ်ဦးလည်း အလားတူ အခြေအနေနဲ့ပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။
စွန်ကြိုးကြောင့် လည်ပင်းပြတ်ရှ သေဆုံးတဲ့ နောက်ထပ် အရွယ်ရောက်ပြီးသူ ၃ ဦး ရှိခဲ့သလို ဒဏ်ရာရသွားတဲ့ သတင်းတွေလည်း ကြားခဲ့ရပါတယ်။ ကောင်းကင်မှာ တိုက်စွန်တွေ လွှတ်တင်ပြီး ပြိုင်ဆိုင်ကြရာက ကြိုးပြတ်လာတဲ့ စွန်တွေက မြေပြင်ပေါ် ရှိနေသူတွေကို ဒုက္ခပေးတာပါ။
အိန္ဒိယမှာ စွန်ကြိုးတွေကြောင့် ထိခိုက်သေကြေတဲ့ တိရစ္ဆာန်တွေလည်း ရာနဲ့ချီရှိကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။