ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ ဒေသခံကာ ကွယ် ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ရက်အတွင်းတိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ ဇန်နဝါရီ (၁၈) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အင်အား တရာလောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက နဂျပ်တောင်ဘက်ကိုဇန်နဝါရီ ၁၆ ရက် ညနေ ၆ နာရီမှာ ချဉ်းကပ်လာတာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေဘက်က မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်တပ် ဘက်က နှစ်ဦးထက်မနည်းသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရကာပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဇန်နဝါရီ ၁၇ ရက် မနက် ငါးနာရီဝန်းကျင်မှာလည်း နောက်တကြိမ် စစ်ကြောင်းထိုးလာတာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပထမအကြိမ် မိနစ် နှစ်ဆယ်ဝန်းကျင် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မနက် ဆယ်နာရီဝန်းကျင်မှာလည်း နဂျပ်အနောက်မြောက်ဘက် ဝက်ပုပ်လမ်းဘက်ကို စစ်ကောင်စီ တပ်တွေက တပ်ဖြန့်ဝင်ရောက်လာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒုတိယ အကြိမ်တို က်ပွဲဖြစ်ပွား ခဲ့ပြီး နာရီဝက်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ နဂျပ်-ကွင်းချောင်းလမ်း ကျောက်ပုံကုန်းဘက်ကို အင်အား ဖြည့်ပြီးထပ်တိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် တနာရီခွဲလောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲ သုံးကြိမ်အတွင်း စစ်ကောင်စီဘက်က အရာရှိ သုံးဦးအပါအဝင် သေဆုံးသူ လေးဆယ် ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က တဦး ကျဆုံးကာတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က ပြန်လည်ဆုတ်ခွာသွားချိန်မှာ ကျကျန်ခဲ့တဲ့ ကျောပိုးအိတ် နှစ်လုံးကိုစစ်ဆေးကြည့်ရာ မှာ အမြောက်တပ်ကဘတ်တံဆိပ်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးဒဏ်ရာရ သူတွေကို လက်ရှိအချိန်ထိ ကားတွေနဲ့ သယ်ထုတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ခဲ့တဲ့ ဒေသအနီးတဝိုက်မှာ စစ်ဆိုင်ထားဆဲအခြေအနေဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ် ကောင်စီတပ်ဖွဲ့တွေနဲ့ အဝေးဆုံးနေရာတွေမှာသာ နေထိုင်ကြဖို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်ထားပါသေးတယ်။
အဲ့ဒီ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမျိုး မရှိသေးသလို DNA အနေနဲ့ သီးခြားအတည်ပြုနိုင်တာလည်းမရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုတွေကို ပဲခူးတိုင်းအခြေစိုက်PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ (တပ်စု ၂ နှင့် တပ်စု ၃ )နှင့် မဟာမိတ် တပ်ပေါင်းစုတွေက ပူးပေါင်း တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။