အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မြို့တော် စစ် တွေအပါအ ဝင် မြို့နယ်တချို့ကို လာဖို့ရှိနေပြီး အဲဒီမြို့တွေမှာ လုံခြုံရေးတွေ ကြိုတင်ချထားကာ လမ်း တွေကို ရှင်းလင်းထား တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
မင်းအောင်လှိုင်ဟာ အခုလ (၂၀)ရက်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လာဖို့ရှိနေပြီး အဲဒီကနေတစ်ဆင့် သံတွဲ၊ ကျောက်ဖြူမြို့နယ်တို့ဆီ ထပ်သွားဖို့ရှိနေကြောင်း ရခိုင်ပြည်နယ်ကစစ်ကောင်စီလက်အောက်ခံ ဝန် ထမ်းတဦးက DNA ကို ပြောပါတယ်။
“သန်ဖက်ခါ လာမယ်၊ ထိုင်းစစ်ဦးချုပ်နဲ့ တွေ့မယ်ပေ့ါ။ ပြီးရင် တစ်ခြားမြို့တွေကို သွားမယ်လို့ သိရတယ်။ ပြည်ထဲရေး ဝန်ကြီးတို့၊ ဘာတို့က အခုကတည်းက စစ်တွေကို ရောက်နေပြီလို့ ကြားတယ်၊မြို့ထဲမှာ လုံ ခြုံရေးတွေလည်း ချ ထားတာ ရှိတယ်”လို့ စစ်တွေမြို့က ဝန်ထမ်းတဦးက ပြောပါတယ်။
အဲဒီလို မင်းအောင်လှိုင်လာဖို့ရှိတာကြောင့် စစ်တွေမြို့ပေါ်က လေယာဉ်ကွင်းဆင်းလမ်းအပါအဝင် မြို့ထဲ လမ်းမတွေမှာ ရှိနေတဲ့ လမ်းဘေးဆိုင်ခန်းတွေကို ဖျက်သိမ်းတာ၊ သစ်ပင်တွေကို ခုတ်တာ၊ ဆေးရောင် သုတ်တာတွေ ပြီးခဲ့တဲ့ ရက် ပိုင်းကတည်းက ကြိုလုပ်ထားရတယ်လို့လည်း စစ်ကောင်စီလက် အောက်ခံဝန်ထမ်းတွေက ပြောကြပါတယ်။
“ရဲတွေ ရှိတယ်၊ ပြီးတော့ စစ်ကားတွေလည်း စက်သေနတ်တွေတင်ပြီး ပွိုင့်ကားတွေနဲ့ သွားနေတာ တွေ့ တယ်”လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။
ဒ့ါအပြင် မင်းအောင်လှိုင် ဇနီးရဲ့ ဇာတိမြို့ဖြစ်တဲ့ သံတွဲမြို့မှာလည်း မြို့ပေါ် လမ်းမတွေပေါ်က ဆိုင်ခန်း တွေ ကို ပြီးခဲ့ တဲ့တပတ်ကတည်းက ဖျက်သိမ်းခဲ့ကာ မြို့တွင်း ယာဉ်ထိန်းရဲတွေ၊ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတွေ ချ ထားတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အလားတူ ကျောက်ဖြူမြို့မှာလည်း လမ်းဘေး သစ်ပင်တွေကို ခုတ်တာ၊ ပလက်ဖောင်းတွေ၊ အုပ်ခုံတွေကို ဆေးရောင်သုတ်တာတွေ ကြိုလုပ်ထားတာတွေ့ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“လုံခြုံရေးတွေတော့ ချထားတာမတွေ့သေးဘူး၊ဒါပေမယ့် မြို့တော်ခန်းမ မှာတော့ ဒေသထွက်ကုန်ပြခန်း တခုလုပ်မယ်ဆိုပြီးတော့ ပြင်ဆင်နေတာရှိပါတယ်၊မင်းအောင်လှိုင်ခရီးစဉ်ရှိလို့ လုပ်တာဖြစ်မယ်”လို့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံစစ်ဦးချုပ်နဲ့ အဖွဲ့ဟာလည်း ရခိုင်ပြည်နယ်ကိုလာ ရောက်ဖို့ ရှိပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ တွေ့ဆုံ ကြမှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းရင်းမြစ်တွေဆီကနေ သိထားရပေမယ့် ဘယ်မြို့မှာ တွေ့ဆုံ ကြမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရပါဘူး။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အခုခရီးစဉ် အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း ရခိုင်ပြည်နယ်ကိုပ ထမဆုံးအကြိမ်သွားတာဖြစ်သလို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် စက်တင်ဘာလနောက်ပိုင်း ရခိုင်ပြည်နယ်ကိုပထမဆုံးအကြိမ်သွားမှာလည်းဖြစ်ပါတယ်။
လက်ရှိရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရခိုင့်တပ်တော်(AA)တို့ အပစ် အခတ်တွေ ရပ်စဲထားကြပါတယ်။