ဇိုမီးတော်လှန်ရေးတပ်မတော် ZRA က တီးတိန်မှာ ပျူစောထီးတွေကို ပြည်သူ့စစ်သင်တန်းပေးနေ

ချင်းပြည်နယ် တီးတိန်မြို့နယ် ကျိန်းပီးကွတ်ကျေးရွာမှာ ဇိုမီးတော်လှန်ရေးတပ်မတော် Zomi Revolutionary Army- Eastern Command (ZRA-EC) က ဒေသခံ ပျူစောထီးတွေကို ပြည်သူ့စစ်သင်တန်းပေးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲ့ဒီ ပြည်သူ့စစ်သင်တန်းဟာ ဇန်နဝါရီ (၁၆) ရက်ကနေ (၁၈) ရက်အထိ သုံးရက်ကြာခဲ့ပြီး တက်ရောက်သူ (၁၂၀) ဦးဝန်းကျင်ရှိတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြထားပါတယ်။အခုသင်တန်းဟာ အမှတ်စဥ် (၈) သင်တန်းဖြစ် တယ်လို့ဆိုပါတယ်။

သင်တန်းကို Zomi National Volunteer လို့ အမည်ပေးထားပေမယ့် ပျူစောထီးတွေကိုပေးတဲ့ စစ်သင် တန်းသာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

” သူတို့က ကျွန်တော်တို့ထဲကလောက်ကောင်တွေပေါ့၊တရားဝင်မဟုတ်ပေမယ့် သူတို့ဟာ စစ်ကောင်စီရဲ့ လက်အောက်ခံပါပဲ။ အားလုံးသိကြပါတယ်” လို့ ဒေသခံတဦးကဝေဖန်ပါတယ်။ အဆိုပါပြည်သူ့စစ်သင်တန်းအမည်ခံ ပျူစောထီးသင်တန်းကို ကျိန်ပီးကွတ်ကျေးရွာအပါအဝင် ကျေးရွာငါးရွာက ဒေသခံတွေကို ဖိအားပေးတက်ရောက်ခိုင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

Zomi Revolutionary Army- Eastern Command (ZRA-EC) ဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ချင်း ပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ZRA ဟာ တီးတိန်မြို့နယ်တွင်းက PDF စခန်းတခုကို စီးနင်းဖျက်ဆီးခဲ့ဖူးသလိုချင်းအမျိုးသား တပ်မ တော် CNA အပါ အဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့ဖူးပါတယ်။

ZRA ဟာ ချင်းပြည်နယ်၊ တွန်းဇန်နဲ့ တီးတိန်မြို့နယ်တို့မှာ လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်တယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။စစ်သင်တန်းနဲ့ပတ်သက်လို့ ဒေသခံတွေရဲ့ဝေဖန်မှုအပေါ် ZRA အဖွဲ့ဆီ ဆက်သွယ်မေးမြန်းဖို့ DNA က ကြိုးပမ်းပေမယ့် အဆက်အသွယ်မရသေးပါဘူး။