အကြမ်းဖက်စစ်တပ်က မတူပီ၊ ငလိုင်ရွာက ခရစ္စယာန်ဘုရားကျောင်းအပါအဝင် နေအိမ်တွေကိုမီးရှို့

ချင်းပြည်နယ်၊မတူပီမြို့အနီးက ငလိုင်ရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က အဲ့ဒီရွာက ခရစ္စယာန် ဘုရားကျောင်းအပါအဝင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ CDF မတူပီက ထုတ်ပြန်ပါတယ်။

“ရွာမှာ အစကတည်းက ပြည်သူတွေမရှိတော့ဘူး၊တိုက်ပွဲဖြစ်ပြီး ခုအိမ်တွေ လိုက်မီးရှို့ကြတာ”လို့ CDF မတူပီ တာဝန်ရရှိသူတဦးက DNAကိုပြောပါတယ်။ မီးရှို့မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မတူပီမြို့မြောက်ဘက် ဆယ်မိုင်ဝန်းကျင်အကွာက ငလိုင်ကျေးရွာမှာ ဇန်နဝါရီ (၁၅)ရက်က CDF မတူပီနဲ့ စစ် ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တာပါ။စစ်ကောင်စီက အင်အားတရာဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးလာပြီး CDF မတူပီစခန်းကို စီးနင်းဖို့ကြိုးစားရာက တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင် စစ်ကောင်ဘက်က တဦးသေဆုံးသလို CDF မတူပီတပ်ဖွဲ့ဝင်တဦးလည်း ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် ငလိုင်ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီး ရွာအတွင်းနေအိမ်တွေကို စစ် ကောင်စီက ဖောက်ထွင်းခိုးယူတာလုပ်တဲ့အပြင် ဇန်နဝါရီ(၁၇)ရက်မှာ ဘုရားကျောင်းနဲ့ နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့တာလို့ CDF မတူပီကပြောပါတယ်။