ဖရူဆိုမြို့တွင်းမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်နေ

ကရင်နီ(ကယား)ပြည်နယ်၊ဖရူဆိုမြို့ပေါ်ရပ်ကွက်တခုအတွင်းမှာ စစ်ကောင်စီနဲ့ KNDF တပ်ဖွဲ့ဝင်တွေ ဇန်န ဝါရီ(၁၅)ရက်က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်တပ်က မြို့အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အင်အားစုတွေဆီကသိရပါတယ်။

ဖရူဆိုမြို့၊လောဘူးဒါးရပ်ကွက်အနီးမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၄နဲ့ စစ် ကောင်စီတပ်ရင်းခမရ(၅၃၁) ကြား ဇန်နဝါရီ(၁၅)ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကDNA ကိုအတည်ပြုပြောပါတယ်။

“ဖရူဆိုမြို့တွင်းမှာတိုက်ပွဲဖြစ်ခဲ့တာဟုတ်ပါတယ်၊(လက်နက်ကြီးကြောင့်)လူနေအိမ်တွေထိခိုက်တယ်ဆိုတာလည်းကြားသိရပါတယ်၊အသေးစိတ်ကိုတော့နောက်ပိုင်းမှာထုတ်ပြန်ပေးပါ့မယ်” လို့သူကပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်း အခြေစိုက်တဲ့ KNDF တပ်ရင်း(၄)ကတော့ လောဘူးဒါးရပ်ကွက်တွင်းတိုက်ပွဲမှာ စစ် ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရကာ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီမတိုင်ခင် ဇန်နဝါရီ (၁၂)ရက်ကတော့ ဖရူဆိုမြို့တွင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ KNDF တပ်ရင်း(၄)က ဆိုပါတယ်။

လောဘူးဒါးတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်ကဖရူဆိုမြို့အနီးတဝိုက်ကျေးရွာတွေဖြစ်တဲ့မိုဆို၊လောစျာနဲ့ထီးကလူဒေါစတဲ့ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့်နေအိမ် သုံးလုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၇ရက်မနေ့က မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ကဖရူဆို​မြို့အနီးတဝိုက်ကို လက် နက်ကြီးတွေနဲ့ထပ်မံပစ်ခတ်ခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။

“လက်နက်ကြီးပစ်အသံတွေ(မနေ့က)မနက်ကကြားရတယ်၊မနက်အစောကပစ်ခတ်နေတာခင်​ဗျ၊ဘယ်ဖက်ကိုပစ်နေလဲမသိရဘူး”လို့ ဖရူဆိုမြို့ခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၅ ရက်တရက်တည်းမှာပဲ လွိုင်ကော်၊ဒီးမော့ဆိုနဲ့ဖရူဆိုအပါအဝင်ရှမ်းကယားနယ်စပ် မိုးဗြဲနဲ့ဖယ်ခုံမြို့နယ်တွေကကျေးရွာတွေနဲ့စစ်ဘေးရှောင်စခန်းနေရာတွေကိုလည်းစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေရှိနေတယ်လို့ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေဆီကသိရပါတယ်။

အခုဇန်နဝါရီလဒုတိယအပတ်အတွင်းလွိုင်ကော် မြို့အခြေစိုက် အမြှောက်တပ်၊ဒီးမော့ဆိုအခြေစိုက်ခလရ (၁၀၂) နဲ့ဖရူဆို အခြေစိုက်ခမရ (၅၃၁)တို့ကလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေကြောင့် နေအိမ် (၄)လုံးအပါအဝင်ဘုန်းတော်ကြီး ကျောင်း နှစ်ကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့ လည်းမြေပြင်သတင်းရင်း မြစ်တွေဆီကသိရပါတယ်။