စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေအတွက် လေပိုင်နက် အသုံးပြုခွင့် မပေးဖို့အိမ်နီးချင်းနိုင်ငံတွေကို NUG တောင်းဆို

အိမ်နီးချင်းနိုင်ငံတွေရဲ့ လေကြောင်းပိုင်နက်တွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် အသုံးပြုခွင့်မပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရကဇန်နဝါရီ(၁၇)ရက်ဒီကနေ့မှာ ထုတ်ပြန်တောင်းဆို လိုက်ပါ တယ်။

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းက ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်ကို အခုလ(၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ စစ်အုပ်စုက နှစ်ရက်ဆက် လေကြောင်းက တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး NUG က အခုလို ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဟာ အိန္ဒိယနိုင်ငံလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်အသုံးချခဲ့ ကြောင်းချင်းအမျိုးသားတပ်ဦးက ပေးပို့တဲ့သတင်းတင်ပြချက်တွေအရ သိရတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အခုလို အိမ်နီးချင်းနိုင်ငံတွေရဲ့လေပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်မှုဟာ ပထမဆုံးအ ကြိမ်မဟုတ်ဘဲ အိန္ဒိယနိုင်ငံ လေပိုင်နက်အပြင် ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ လေပိုင်နက်တွေကို လည်း ကျူး ကျော်အသုံးပြုခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့တယ်လို့ NUG က ပြောပါတယ်။

ဒါကြောင့် ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် ဘေးကင်း လုံခြုံရေးကို ရှေးရှုပြီး မြန်မာပြည်သူတွေရဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်နေတဲ့ အကြမ်းဖက်စစ် အုပ်စု ကို လေပိုင်နက် အသုံးပြုခွင့်မပေးဖို့ မေတ္တာရပ်ခံတောင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ် Camp Victoria ကို အကြမ်းဖက်စစ်အုပ်စုက ဂျက်တိုက် လေယာဉ် တွေနဲ့ ဗုံးကျဲတိုက်ခိုက်ရာမှာ မြန်မာစစ်တပ်ကလေယာဥ်တွေဟာ အိန္ဒယနိုင်ငံလေပိုင်နက်ထဲ အထိဝင်ရောက် ပျံသန်းခဲ့ကြပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကိုပါ ဗုံးတလုံးကျရောက်ပေါက်ကွဲခဲ့လို့ အိန္ဒိယအရပ်ဘက် အဖွဲ့ အစည်းတွေကလည်း ထုတ်ပြန်တောင်းဆိုမှုတွေလုပ်ထားပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရဘက်က တစုံတရာထုတ်ပြန်တာမရှိခဲ့တဲ့အတွက် မီဇိုရမ်ပြည်နယ်က ဇိုမီ လူငယ်အဖွဲ့အပါအဝင် အရပ်ဘက်အဖွဲ့အစည်းငါးခုက ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ထိထိရောက်ရောက်ကိုင်တွယ်ဖို့ အိန္ဒိယအစိုးရကို တောင်းဆိုခဲ့ကြတာပါ။

ဒါပေမယ့် အဲ့ဒီလေပိုင်နက်ကျူးကျော်မှုနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရက လက်ရှိအချိန်အထိ နှုတ်ဆိတ်နေဆဲဖြစ်လို့ စစ်ကောင်စီနဲ့ အိန္ဒိယအစိုးရတို့ကြား ကြိုတင်ညှိနှိုင်းသဘောတူမှုယူထားတယ်ဆိုတဲ့ သုံးသပ်မှုတွေ လည်းရှိ နေပါတယ်။