ကော့ကရိတ်က ရဲစခန်းတခုမီးရှို့ဖျက်ဆီးခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာက စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းကို ဒီကနေ့ ဇန်နဝါရီ (၁၆) ရက် နေ့လယ်ပိုင်းမှာ လက် နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိအဖွဲ့တစ်ခုက ကား ၁၀ စီးကျော်နဲ့ကော့ဘိန်းကျေးရွာထဲကို ဝင်ရောက်လာကာ စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။

“ စခန်းဘေးကပ်ရပ်က အထက်တန်းကျောင်းရှိတယ်၊ ဘောလုံးကွင်းရှိတယ်၊ အဲဒီဘောလုံးကွင်းထဲမှာ ကားတွေရပ်တယ်၊ ကျောင်းသားဆရာ/ဆရာမတွေကို ပြန်ခိုင်းလိုက်တယ်၊ ပြီးမှ စခန်းကို မီးရှို့တာ၊ ရှို့ပြီးတော့ သူတို့ပြန်ထွက်သွားတာပဲ၊လှမ်းတွေ့လိုက်တာက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုရဲ့အမှတ်အသားပဲလေ အင်္ကျီတွေက၊တချို့တွေက အရပ်ဝတ်လည်း ပါတယ်။ KNU လား၊ ဟုတ်မဟုတ်တော့ ပြောမတက်ဘူး၊ အဝေးကနေပဲ လှမ်းကြည့်လိုက်တယ် ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

အဲ့ဒီနယ်မြေရဲစခန်းကိုဝင်ရောက်စီးနင်းချိန်မှာ စခန်းလုံခြုံရေးယူပေးနေတဲ့ လုံခြုံရေးအဖွဲ့ဝင်တဦးသာ ရှိနေပြီး ကျန်တဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် တဦးမှ မရှိနေဘူးလို့ သူက ဆက်ပြောပါတယ်။

“ စခန်းထဲမှာ ရဲဘယ်သူမှ မရှိတော့တာ ရက်ပိုင်းလောက်ရှိပြီ၊ အဲမှာ သူက ရွာခံတော့ မဟုတ်ဘူး၊ သက်ကြီးပိုင်းပဲ၊ ဘယ်လိုပြောရမလဲ၊ အရင်လက် နက်ကိုင်အဖွဲ့ တစ်ခုကနေ အလင်းဝင်ထားတဲ့သူပေါ့၊ သူတယောက်ရှိနေတယ်၊ ဟိုအဖွဲ့မီးရှို့ပြီး ပြန်သွားတဲ့အချိန်တော့ အထဲမှာ သူသေနေတယ်၊ အဲစခန်းကို လုံခြုံရေးယူပေးထားတဲ့သူပေါ့” လို့ ဒေသခံကပြောပါတယ်။

စခန်းမီးရှို့ခံရတဲ့ ကော့ဘိန်းကျေးရွာနယ်မြေရဲစခန်းဟာ မွန်ပြည်သစ်ပါတီ(MNSP) သထုံခရိုင်၊ ထိန်း ချုပ်နယ်မြေ ထဲက ကျေးရွာတစ်ခုလည်း ဖြစ်ပြီး ဝဲရိတ်ကျေးရွာမှာရှိတဲ့ မွန်ပြည်သစ်(MNSP)သထုံခရိုင်ဌာနချုပ်တည်ရှိရာနဲ့ မိုင်ဝက်အကွာမှာသာ ရှိတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်တာမျိုးတော့ မရှိပေမယ့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့နဲ့ ရဲ၊ စစ်သားတွေက သုံးလေးစီးနဲ့ရောက်ရှိလာပြီးနောက် ရပ်ကွက်အတွင်းလှည့်ပတ်နေတာကြောင့် ဒေသခံတွေက စိုးရိမ်မှုတွေ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။