မွန်ပြည်နယ် လုံနယ်ဝန်ကြီးဟောင်း ယာဉ်တန်းမိုင်းဆွဲခံရပြီးနောက် ဒေသခံတချို့ ဖမ်းဆီးခံရ

မွန်ပြည်နယ် မုဒုံမြို့ပေါ်မှာ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဟောင်း အငြိမ်းစားဗိုလ်မှူးကြီးဖြစ်သလို လက်ရှိ ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အမှုဆောင်တဦးလည်းဖြစ်တဲ့ ဝင်းနိုင်ဦးရဲ့ယာဉ်တန်း ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“အိမ်ပြန်အဝင်မှာမိုင်းဆွဲခံရတာ၊ကားလေးစီးတောင်မှလေ၊သူဘယ်ကားစီးလာမှန်းလည်းမသိဘူး၊ကားပဲပျက်စီးတာရှိတယ်၊လူတွေတော့ ဘာမှနဖြစ်ဘူးသိရတယ်”လို့ မုဒုံမြို့ခံတဦးကပြောပါတယ်။

ဗိုလ်မှူးကြီး(ဟောင်း) ဝင်းနိုင်ဦး လိုက်ပါစီးနင်းလာတဲ့ကားအပါအဝင် ကားလေးစီးပါယာဉ်တန်းဟာ မြို့မ (၃) လမ်း ဦးစံဖေလမ်းမှာရှိတဲ့ နေအိမ်ကို ပြန်လာချိန် အိမ်ရှေ့ခြံဝအနီးမှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက် ခိုက် ခံရတာဖြစ်တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကား အစိတ်အပိုင်းတချို့ထိခိုက်ပျက်စီးမှု ရှိခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ မုဒုံမြို့နယ်(ပ.က.ဖ)က ထုတ် ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတွေက အခင်းဖြစ်နေရာကို ရောက် လာပြီး ရှာဖွေ စစ်ဆေးမှုတွေပြုလုပ်ကာ လမ်းသွားလမ်းလာသူပြည်သူတွေနဲ့ အဲဒီအနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ အရပ်သားတချို့ကို ဖမ်းဆီးသွားတာ ရှိတယ်လို့ မုဒုံမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

“ နယ်လုံဆိုတော့ ဝိတ်ရှိတာပေါ့၊ ဖြစ်ဖြစ်ချင်းပဲ စစ်သားနဲ့ ရဲတွေ ကားနဲ့ ရောက်ချလာတာပေါ့၊ လမ်းပိတ်တာ မျိုးတော့ မလုပ်ဘူး၊ မေးမြန်းတာ‌တွေတော့ ရှိတယ်၊ ဆိုင်ကယ်နဲ့လာတဲ့ လူငယ် ၂ ယောက်ကို ကားပေါ်တင် သွားတာ တွေ့လိုက်တယ်၊ ဘယ်သူတွေတော့ မသိရဘူး၊ နောက်ညမှာအဲဘေးနားက လူတွေကိုလည်း ခေါ်သွား တာမျိုးလည်း ရှိတယ်ပြောတယ်၊ ဒီဟာကတော့ ကျွန်တော်မတွေ့ရတော့ အတည်မပြောနိုင်ဘူး၊ ကြားပဲ ကြားခဲ့ ရတာဆိုတော့လေ၊ လူငယ်နှစ်ယောက်က တွေ့ခဲ့ရတာ” လို့သူကပြောပါတယ်။

ဗိုလ်မှူးကြီး ဝင်းနိုင်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာလည်း ပြည်ခိုင်ဖြိုး ပါတီဝင် မုဒုံ မြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကေမယ့် အနိုင်ရရှိခဲ့ခြင်းတော့ မရှိပါဘူး။

ဒါအပြင် သူဟာ ပြည်နယ်(USDP)ပါတီရဲ့ အလုပ်အမှုဆောင်(EC)အဖွဲ့ဝင်တစ်ဦးဖြစ်သလို မကြာမီ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ဝင်ရောက်အရွေးခံပြီး ပြည်နယ်ဝန်ကြီးချုပ် (သို့မဟုတ်) ဝန်ကြီးနေရာတစ်ခုအတွက် လျာထားခြင်းခံထားရသူတစ်ဦး ဖြစ်တယ်လို့ ပြည်နယ် USDP ပါတီနဲ့ နီးစပ်သူ တစ်ဦးက DNA ကို ပြောပါတယ်။

“ဝန်ကြီးချုပ်နေရာ၊ ဝန်ကြီးနေရာ၊ ဒါမဟုတ်ရင် ပြည်နယ်အစိုးရအဖွဲ့မှာ နေရာတစ်ခုခုအတွက် လျာထားတာ တော့ ရှိတယ်၊ သိရသလောက်တော့ ဆရာကလာမယ့်ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့ရှိတယ်ပေါ့၊ ပါတီအတွင်း ကနေ ကြားတာပဲ ရှိတာပါ၊ မသေချာပါဘူး၊ နေရာတစ်ခုခုတော့ ပေးဖို့ရှိတယ်၊ မုဒုံမြို့နယ်သားလည်း ဖြစ်တယ်၊ အငြိမ်းစားတစ်ယောက်လဲ ဖြစ်တော့လေ” လို့သူကပြောပါတယ်။