လူဦးရေစာရင်းကောက်သူတွေကို နေ့စားခကျပ်တသောင်းနဲ့ ခေါ်နေရ

ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းကောက်ခံရာမှာ တိုက်ခိုက်ခံရမှုတွေရှိတာကြောင့်ကြောင့် စစ်ကောင်စီက စာရင်းကောက်ခံမယ့်သူတွေကို နေ့စားခငွေကျပ်တသောင်းပေးပြီး ခေါ်ယူနေရတယ်လို့ လှိုင်သာယာမြို့နယ်အတွင်းနေထိုင်သူတွေက DNA ကိုပြောပါတယ်။

“မနေ့ကရော ဒီနေ့ရော စာရင်းလိုက်မယ့်သူတွေက တချို့ဆိုမလာကြဘူးလေ၊အပစ်ခံရမှာတို့ ၊ဗုံးပေါက်မှာတွေကိုကြောက်ပြီးအဲ့လိုမလာလို့ မနေ့ကရော ဒီနေ့ရော တစ်နေ့ကိုတစ်သောင်းပေးမယ်ဆိုပြီး အုပ်ကြီးတွေက လူလိုက်စုနေကြတာ”လို့ လှိုင်သာ ယာမြို့နယ်၊မီးခွက်စျေးအနီး ရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။

စတင်စာရင်းကောက်ချိန်က အိမ်ထောင်စုစာရင်းလိုက်လံကောက်ခံတဲ့ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ပညာရေးဝန်ထမ်းတွေ၊မီးသတ်တပ်ဖွဲ့နဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေကို တစ်ရက်ကို ထမင်းစားရိတ်အနေနဲ့ ငွေကျပ် ၅၀၀၀နှုန်းပေးပြီးခေါ်ယူတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

” ဟုတ်တယ်၊တစ်နေ့ထမင်းဖိုးပေါ့၊တသောင်းက၊ဒါပေမယ့် မလိုက်ရဲတဲ့လူကများတယ်၊အဲ့တော့ ရာအိမ်မှူးတို့၊ဆယ်အိမ်မှူးတို့ ၊သူတို့မိသားစုဝင်ပဲ ပိုက်ဆံရရင် လိုက်ကြတော့”လို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ်နေ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီက အခုနှစ်အတွင်း ရွေးကောက်ပွဲကိုလုပ်ဖို့အတွက် အိမ်ထောင်စုစာရင်းတွေကို ဇန်နဝါရီ ၇ ရက်ကစပြီး ရပ်ကွက်အလိုက်၊တစ်အိမ်တဆင်း လိုက်ကောက်နေတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကို လက်ခံတာကြောင့် အိမ်ထောင်စုစာရင်းကောက်ခံမှုမှာ ပြည်သူတွေအနေနဲ့ မပူးပေါင်းဖို့ ဆိုထားသလို ဒေသကာကွယ်ရေး အဖွဲ့တွေကလည်း စာရင်းကောက်ခံသူတွေကို သတိပေးစာ ထုတ်ပြန်ထားပါတယ်။

အခုလို သတိပေးချက်တွေရှိပေမယ့် စစ်ကောင်စီကလက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေနဲ့ အတူ လူဦးရေးစာရင်းကောက်မှုကိုဆက်လုပ်နေသလို အဲ့ဒီအဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာ၊ပစ်ခတ်သတ် ဖြတ်ခံရတာတွေလည်း လတ်တလောမှာဆက်တိုက်ဖြစ်နေပါတယ်။