ပေါက်မြို့မှာ ချင်းလူငယ်ဆယ့်ခြောက်ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ် သရက်တောစစ်ကောင် စီစစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၁၄ရက်နေ့လယ်ပိုင်းကဖမ်းဆီးခံရတဲ့ ချင်းလူငယ် ၁၆ ဦးနဲ့ပတ်သက်ပြီး စစ်ကောင်စီကဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ လက်ရှိအထိမသိရဘူးလို့မြို့ခံတဦးကပြောပါတယ်။

” သူတို့ကိုဘယ်နေရာမှာထားပြီး ဘာလုပ်နေတယ်ဆိုတာကို အတိအကျမသိနိုင်ဘူးဗျ” လို့ မြို့ခံတဦးကပြောပါတယ်။

ချင်းပြည်နယ် မင်းတပ်ကနေ ပခုက္ကူမြို့ကိုထွက်လာတဲ့ မှန်လုံကားနှစ်စီးပေါ်ပါလာတဲ့ ချင်းလူငယ် ၁၆ ဦးကို ဇန်နဝါရီ ၁၄ ရက်ကပေါက်မြို့အနောက်ဘက် သရက်တောဂိတ်မှာ စစ်ကောင်စီစစ်သားတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ချင်းလူငယ်တွေစီးလာတဲ့ မှန်လုံကားနှစ်စီးကိုပေါက်မြို့ ပ.က.စ ၂၄ တပ်ထဲကိုခေါ်ဆောင်သွားတယ်လို့သိရပေမယ့် နောက်ဆက်တွဲ အခြေအနေတွေကိုမသိရဘူးဖြစ်နေတာပါ။

စစ်ကောင်စီဂိတ်ကဖမ်းဆီးသွားတဲ့ချင်းလူငယ် ၁၆ ဦးလို့သာ အတည်ပြုနိုင်ပြီး မိန်းကလေးဘယ်နှဦး၊ ယောကျ်ားလေးဘယ်နှဦးပါဝင်ဆိုတာမသိရသလို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာလည်း အတိအကျ မသိနိုင်သေးတာဖြစ်ပါတယ်။

ပေါက်မြို့အနောက်ဘက် ပခုက္ကူ – မင်းတပ် လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီ သရက်တောစစ်ဆေးရေးဂိတ်ဟာ စစ်ဆေးရေးတင်းကျပ်ပြီး ဂိတ်မှာဖမ်းဆီးခံရတာ၊ ရိုက်နှက်ခံရတာတွေရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“သူတို့က ချင်းပြည်နယ်ဘက်က(လူ)တွေဆို ပိုစစ်ဆေးတယ်၊ဖမ်းဆီးခံရတဲ့ဖြစ်စဥ်တွေ တော်တော်များများရှိခဲ့တယ်” လို့ မြို့ခံတဦးကပြောပါတယ်။

သရက်တောဂိတ်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်မှုခံရတဲ့ ချင်းလူမျိုးတွေလည်းရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုဝင်တဦးကပြောပါတယ်။

သရက်တောစစ်ဆေးရေး ဂိတ်ဟာ ချင်းပြည်နယ်နဲ့ယောဒေသဘက်ကလာတဲ့သူတွေကို ပိုပြီးတင်း တင်းကျပ်ကျပ်စစ်ဆေးလေ့ရှိလို့သတိနဲ့သွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေကနှိုးဆော်ထားပါတယ်။