စစ်တပ်နားနေတဲ့ စစ်မှုထမ်းဟောင်းကို ပြောက်ကျားတပ်ကဖမ်း၊ လမ်းမှာသေနတ်လုလို့ ကျည်ပေါက်ထွက်သေတယ်လို့ဆို

ရေးမြို့နယ် လမိုင်းမြို့ မော့ကနင်ကျေးရွာက စစ်ကောင်စီတပ်ရင်းနားမှာနေထိုင်ပြီး စစ်မှုဟောင်း တဦးဖြစ်သလို၊ သတင်းပေးလည်းလုပ်နေတဲ့ ဦးရခိုင်ဆိုသူကို နေအိမ်ကနေ သွားရောက်ဖမ်းဆီးခဲ့ကာလမ်းမှာသေနတ်လုရာက ကျည်ပေါက်ထွက်သေဆုံးသွားတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

ဦးရခိုင်ကို လမိုင်းမြို့ မော့ကနင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ခ.လ.ရ – ၁၀၆တပ်အနီးက သူ့ရဲ့နေအိမ်မှာ ဇန်နဝါရီ (၁၄)ရက် နေ့လယ်ပိုင်းက သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်တပ်သတင်းပေးလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက် အတွက် စစ်ဆေးမေးမြန်းဖို့ အရှင်ဖမ်းခဲ့တာဖြစ်တယ်လို့ (YGF)က ဆိုပါတယ်။

ဒါပေမယ့် ဖမ်းဆီးခဲ့ပြီးနောက် လမ်းခုလတ်တနေရာမှာ စစ်ဆေးမေးမြန်းနေချိန် တပ်ဖွဲ့ဝင်တွေဆီက သေနတ် ဝင် လုရာက ကျည်ပေါက်ထွက်ပြီး ဦးရခိုင် သေဆုံးသွားတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ဘက်က ပြောဆိုပါတယ်။

စစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့ ဦးရခိုင်ဟာ လက်ရှိအာဏာသိမ်းကာလအတွင်း စစ်တပ်သတင်းပေးလုပ်ခဲ့တာ ရှိမရှိ ဒေသခံတွေကို DNA က ဆက်သွယ်မေးမြန်းပေမယ့် စစ်မှုထမ်းဟောင်းဖြစ်တယ်ဆိုတဲ့အချက်ကိုသာ အတည်ပြု နိုင်ပြီး သတင်းပေး ဟုတ်မဟုတ်ဆိုတာကိုတော့ အတည်မပြုနိုင်ကြပါဘူး။

“ရွာထဲမှာတော့ နည်းနည်းအာကျယ်တယ်ပေါ့၊ ဘာလို့ဆို သူ့အိမ်က တပ်ရင်းအနားမှာ၊ စစ်သားတွေနဲ့ နီးနီး ကပ်ကပ်ရှိတာကလည်း မှန်တယ်၊ ဒါပေမယ့် သူ့ကြောင့် ဒေသခံတွေ ဖမ်းဆီးခံရတယ်ဆိုတာမျိုးတော့ မကြား မိသေးဘူး၊ ဒါကလည်း သူ သတင်းပေးတာကလည်း ရှိချင်ရှိနိုင်တယ်ပေါ့၊ သူ့ဆီမှာ လက်လုပ်သေနတ်တွေ ဘာတွေရှိနေတာလည်း သိတယ်၊ သူ့အိမ်မှာပဲ ထားထားတာ”လို့ မော့ကနင်ရွာာ ဒေသခံတဦးက DNA ကိုပြောပါတယ်။

ဦးရခိုင်ဟာ နေအိမ်မှာ မိသားစုဝင်တွေနဲ့အတူနေထိုင်တာဖြစ်ပေမယ့် ဝင်ရောက်ဖမ်းဆီးချိန်က နေအိမ်မှာ သူတ ဦးထဲ ရှိနေပြီး၊ လက်လုပ်ပစ္စတိုတစ်လက်၊ ဓါးတို ၁ ချောင်း၊ ဓါးရှည် ၁ ချောင်းနဲ့ လက်ထိပ်တစ်ခုတို့ကိုလည်း ရှာ ဖွေတွေ့ရှိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)က ဆိုပါတယ်။

ရေးမြို့နယ်အတွင်းမှာ အခုလအစောပိုင်းကတည်းက စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတွေနဲ့ စစ်ကောင်စီ ကင်းစခန်း၊ နယ်မြေရဲစခန်းတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေ ပိုဖြစ်ပွားပြီး တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တိုင်းမှာ စစ် ကောင်စီရဲ့ ရဲအရာရှိတွေ သေဆုံး၊ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။