NUG ထိန်းချုပ်နယ်မြေတွေမှာ ခြောက်လအတွင်းအခွန်ကောက်ခံမှု သုံးဘီလီယံအထိရ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ထိန်းချုပ်နယ်မြေ ၃၈ မြို့နယ်မှာ ၆ လအတွင်း အခွန်ကောက်ခံရရှိမှု ၃ ဘီလီယံထိ ရရှိခဲ့တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်နှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

 ဒီနေ့ ဇန်နဝါရီလ ၁၅ရက်မှာ ပြလုပ်တဲ့ NUG အစိုးရ ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်လက်လုပ်ဆောင်မဲ့ အစီအစဉ်တွေကို သတင်းစား ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

NUG အနေနဲ့ အခုလို အခွန်ကောက်ခံမှုတွေကို စိုးမိုးနယ်မြေတွေ ဖြစ်တဲ့ ၃၈ မြို့နယ်မှာ အခွန်ကောက်ခံမှုဆိုင်ရာ မူဝါဒ တွေ ချမှတ်ပြီး  ၂၀၂၂ ခုနှစ် ဇွန်လကနေ ဒီဇင်ဘာလအထိ ၃ ဘီလီယံ ကောက်ခံရရှိခဲ့တာဖြစ်ပြီး၊ တချို့ မြို့နယ်တွေမှာ နယ်မြေ လုံခြုံရေးအရ ပြည်စုံစွာ မကောက်ခံနိုင်သေးဘူးလို့ NUG ဝန်ကြီးက ဆိုပါတယ်။

 “ကျွန်တော်တို့အနေနဲ့ အခွန်ကောက်ခံမှုကို အခြေခံ ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ လုပ်ငန်းရှင်တွေကို ဦးတည်ပြီးတော့ ကောက်ခံတာဖြစ်ပါတယ်။ အခွန်တွေကို ကောက်ခံရာမှာသက်ဆိုင်ရာ ကဏ္ဍအလိုက်၊ ဌာနအလိုက် ကောက်ခံပါတယ်”လို့ NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

လက်ရှိမှာလည်း NUG အစိုးရရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အခွန်ကောက်ခံမှု ယန္တရာနဲ့ မူဝါဒတွေကို သေချာချမှတ်ပြီး ဆက်လက်ကောက်ခံနေပြီး နယ်မြေစိုးမိုးမှုနေရာတွေကိုတော့ လုံခြုံရေးအရ ထုတ်မပြောသေးဘူးလို့ သိပါတယ်။

အခွန်ကောက်ခံရာမှာ ရရှိတဲ့ ဘဏ္ဍာငွေတွေကို ပြည်ထောင်စုဝန်ကြီးဌာနက ၃၀ ရာခိုင်နှုန်း၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ၃၀ ရာခိုင်နှုန်းနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၄၀ ရာခိုင်နှုန်း သုံးစွဲရန် မူဝါချမှတ်ထားပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဟာ စီမံကိန်းပေါင်းစုံကနေ ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိခဲ့ပြီး အရေးကြီးဆုံးဖြစ်တဲ့ ခုခံတော်လှန်စစ်နေရာအပါအဝင် ပညာ‌ရေး၊ ကျန်းမားရေး၊ လူသားချင်းစာနာမှု စသဖြင့် သုံးစွဲနေတယ်လို့ ဆိုပါတယ်။