ယူကရိန်းက စစ်သားတစ်ဦးဟာ ရင်ဘတ်ထဲ စိုက်ဝင်နေပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးတစ်လုံးကို အောင်အောင်မြင်မြင် ခွဲထုတ် ကုသမှု ခံယူနိုင်ခဲ့ပါတယ်။
အခုသီတင်းပတ် အစောပိုင်းက ယူကရိန်း ဆေးတပ်ဖွဲ့ဟာ အန္တရာယ် များလွန်းတဲ့ ခွဲစိတ်မှုကို အမှားအယွင်းမရှိ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း ဆေးတပ်ဖွဲ့ရဲ့ Facebook စာမျက်နှာမှာတော့ အဲဒီ စစ်သားရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကို ရိုက်ယူထားတဲ့ ဓာတ်မှန်ပုံကို ဖော်ပြထားရာမှာ ရင်ဘတ်ထဲ ဝင်နေတဲ့ ဗုံးသီးကို အထင်အရှား တွေ့နေရပါတယ်။
ယူကရိန်း စစ်ဆရာဝန်တွေဟာ တစ်ချက်ကလေး လွဲချော်သွားတာနဲ့ ကိုယ်ကျိုးနည်းသွားနိုင်တဲ့ ခွဲစိတ်မှုကို သတိကြီးကြီး ဆောင်ရွက်ခဲ့ရပါတယ်။ ဗုံးသီးဟာ အသက်ဝင်နေဆဲ ဖြစ်တာကြောင့် လူနာကို လျှပ်စစ်ဓာတ်အား အသုံးပြုပြီး သွေးခဲအောင် ပြုလုပ်တဲ့ ကုထုံး အသုံးပြုလို့ မရဘဲ ခွဲစိတ်ခဲ့ရပါတယ်။
ခွဲစိတ်မှုကိုတော့ စစ်တပ်ရဲ့ အတွေ့အကြုံ အရင့်ကျက်ဆုံး ခွဲစိတ်ဆရာဝန်ကြီး တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် အန်ဒရီ ဗာဘာက ဦးဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ခွဲစိတ်မှုဟာ အပြည့်အဝ အောင်မြင်ပြီးတဲ့နောက် လူနာဟာ မြန်မြန်ဆန်ဆန် နာလန်ထူလာမယ်လို့ မျှော်လင့်ရပါတယ်။
ဓာတ်မှန် ဓာတ်ပုံတွေအရ စစ်သားရဲ့ ရင်ဘတ်ကို စိုက်ဝင်ခဲ့တာဟာ VOGအမျိုးအစား ဗုံးသီးလို့ ယုံကြည်ရပြီး အဲဒီ ဗုံးသီးတွေကို လက်ကိုင် ဗုံးသီးတွေထဲ ထည့်ပစ်လေ့ ရှိပါတယ်။
ယူကရိန်း ဆေးတပ်ဖွဲ့က ခွဲစိတ်မှုကို ဘယ်နေရာမှာ ပြုလုပ်သလဲ ဆိုတာနဲ့ အဲဒီစစ်သား ဘယ်လိုဘယ်ပုံ ဒဏ်ရာ ရသွားသလဲ ဆိုတာတွေကို အသေးစိတ် ဖော်ပြမထားပါဘူး။
ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်လာချိန် ကတည်းက ယူကရိန်း စစ်တပ်ထဲမှာ ဆေးတပ်ဖွဲ့ဟာ အလုပ်အများဆုံး ယူနစ်တစ်ခု ဖြစ်လာပြီး ထိခိုက်ဒဏ်ရာရသူတွေကို လက်မလည်အောင် စောင့်ရှောက် ကုသပေးနေရပါတယ်။