ယူကရိန်းကို စစ်တိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင် ဝေဖန်နေတဲ့ ပြည်ပရောက် ရုရှားနိုင်ငံသားတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ် သိမ်းယူသင့်တယ်လို့ ရုရှား လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အနီးကပ် မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ လွှတ်တော် ဥက္ကဋ္ဌ ဗီယက်ချ်လီဆက်ဗ် ဗိုလိုဒင်က ပြည်ပကို တိမ်းရှောင်နေပြီး စစ်ပွဲကို ဆန့်ကျင် ဝေဖန်နေသူတွေရဲ့ ရုရှားက နေအိမ်တွေကို သိမ်းဆည်းဖို့ အကြံပေး ထောက်ခံခဲ့တာပါ။
အဲဒီလို ဝေဖန်မှုမျိုးဟာ ရုရှားနိုင်ငံ၊ ရုရှားပြည်သူတွေ၊ ရုရှားစစ်တပ်နဲ့ ရုရှားအစိုးရအပေါ် စော်ကားတဲ့သဘော ဆောင်နေပြီး ဗီလိန်တွေကို ပွင့်ပွင့်လင်းလင်း ထောက်ခံနေတာ ဖြစ်တယ်လို့ ဗိုလိုဒင်က စွပ်စွဲခဲ့ပါတယ်။
ဗိုလိုဒင်ဟာ ပူတင်ရဲ့ နှစ်ရှည်လများ မဟာမိတ် တစ်ဦးအဖြစ် လူသိများပါတယ်။ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားကနေ တိမ်းရှောင်နေသူ သိန်းဂဏန်းလောက်ထိ ရှိနိုင်ပြီး အများစုကတော့ စစ်မှု မထမ်းချင်တာကြောင့် ပြည်ပကို ထွက်ခွာကုန်တာပါ။
ပြည်ပကို ရောက်နေပြီး စစ်ပွဲနဲ့ ပတ်သက်လို့ ဝေဖန်နေသူတွေကို ညှာတာစရာ မရှိဘဲ သူတို့ရဲ့ နေအိမ်တွေကို ချိပ်ပိတ် သိမ်းယူသင့်တယ်လို့ ဗိုလိုဒင်က ဆိုပါတယ်။ ပူတင်ကို ထောက်ခံသူတွေက ရုရှားကို စွန့်ခွာသွားတဲ့ လူသိထင်ရှား ပုဂ္ဂိုလ်တချို့က စစ်ပွဲကို ဆန့်ကျင်လာတာနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်နေချိန်မှာ ဗိုလိုဒင်ဆီက အခုလို မှတ်ချက်မျိုး ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ရုရှားအစိုးရဟာ ထင်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင် အီလ်ယာ ယာရှင် အပါအဝင် စစ်ဆန့်ကျင်ရေး ဝေဖန်ပြောဆိုသူ တချို့ကိုလည်း ထောင်သွင်း အကျဉ်းချထားကြောင်း သိရပါတယ်။