ဂျပန် ဝန်ကြီးချုပ်ဟောင်း အာဘေးကို လုပ်ကြံသူကို စွဲချက်စတင် 

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံခဲ့တဲ့ အမျိုးသားကို ဂျပန်နိုင်ငံမှာ တရားဝင် စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။ 

နာရာမြို့က အစိုးရ ရှေ့နေရုံးဟာ တက်ဆူယာ ယာမာဂါမီကို လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ တရားစွဲဆိုလိုက်ကြောင်း ဇန်နဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။ 

သူဟာ ပြီးခဲ့တဲ့နှစ်၊ ဇူလိုင် ၈ ရက်တုန်းက နာရာမြို့က ဟောပြောပွဲ တစ်ခုမှာ ဝန်ကြီးချုပ်ဟောင်း အာဘေးကို လက်လုပ် သေနတ် တစ်လက်နဲ့ ပစ်ခတ် လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။ 

သူဟာ လုပ်ကြံမှု အပြီးကတည်းက စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ခံယူနေရပြီး တရားခွင်မှာ အစစ်ခံနိုင်တဲ့ အခြေအနေ ရှိမရှိ အပြန်ပြန် အလှန်လှန် စိစစ်နေခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ယာမာဂါမီကို တရားခွင်မှာ စစ်ဆေးတော့မှာ ဖြစ်တယ်လို့ အစိုးရ ရှေ့နေရုံးက အတည်ပြုခဲ့ပါတယ်။

 အသက် ၄၂ နှစ်အရွယ် ယာမာဂါမီကို အခင်းဖြစ်တဲ့ နေရာမှာပဲ လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ နောက်ပိုင်းမှာတော့ သူဟာ အာဘေး ထောက်ခံ ပံ့ပိုးနေတဲ့ ဘာသာရေး ဂိုဏ်းတစ်ခုကြောင့် သူ့မိသားစု စီးပွားရေး အကျပ်အတည်း ကြုံခဲ့တာကို မကျေနပ်ရာက အခုကိစ္စကို ကျူးလွန်ကြောင်း ဝန်ခံခဲ့ပါတယ်။ အာဘေးဟာ ယာမာဂါမီ ပစ်ခတ်တဲ့ လက်လုပ်သေနတ် ကျည်ဆန် ထိမှန်ရာက သွေးထွက်လွန်ပြီး သေဆုံးခဲ့တာပါ။ 

အသက် ၆၇ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့သူ အာဘေးဟာ ဂျပန် သမိုင်းမှာ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ကျန်းမာရေး အခြေအနေကြောင့် ရာထူးက အနားယူခဲ့ပါတယ်။ သူဟာ ဂျပန် ဝန်ကြီးချုပ်အဖြစ် ၂၀၀၆ ကနေ ၂၀၀၇ ထိ တစ်ကြိမ်၊ ၂၀၁၂ ကနေ ၂၀၂၀ ပြည့်နှစ်ထိ တစ်ကြိမ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ 

အာဘေး လုပ်ကြံခံရမှုနဲ့ ဆက်စပ်ခဲ့တဲ့ ပေါင်းစည်းမှု ကျောင်းတော်ဆိုတဲ့ ဘာသာရေး ဂိုဏ်းဟာလည်း အဲဒီဖြစ်စဉ်နောက်ပိုင်း ပေါ်ပေါက်လာတဲ့ အရှုပ်တော်ပုံတွေကြောင့် အကြီးအကျယ် နာမည်ပျက်ခဲ့သလို ဂိုဏ်းနဲ့ ဆက်စပ်တဲ့ လက်ရှိ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတချို့ပါ ရာထူးက နုတ်ထွက်ရတဲ့ထိ ဂယက်ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။