သီရိလင်္ကာ စစ်တပ် ဖွဲ့စည်းပုံကို ထက်ဝက် လျှော့ချဖို့ စီစဉ်

ဒေဝါလီ ခံရတဲ့ အခြေအနေထိ စီးပွားရေး ဆုတ်ယုတ် ကျပ်တည်းနေတဲ့ သီရိလင်္ကာ နိုင်ငံဟာ စစ်တပ်ကို ဖွဲ့စည်းပုံ ထက်ဝက် လျှော့ချသွားမယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၃ ရက်မှာ ကာကွယ်ရေး ဝန်ကြီးဌာနက အစိုးရ အနေနဲ့ ကုန်ကျစရိတ် လျှော့ချရေး အစီအမံ တစ်ရပ်အဖြစ် စစ်တပ် ဖွဲ့စည်းပုံကို သိသိသာသာ လျှော့ချဖို့ ရည်ရွယ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။
သီရိလင်္ကာဟာ ပြီးခဲ့တဲ့နှစ်မှာ ငွေကြေးဖောင်းပွမှု၊ စားနပ်ရိက္ခာနဲ့ လောင်စာဆီ စျေးနှုန်းတွေ မတန်တဆ မြင့်တက်မှု၊ အစိုးရရဲ့ ကြွေးမြီထူထပ်မှုတွေကြောင့် ပြည်တွင်းမှာ ဆူပူ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သလို သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာပါ ရာထူးက နုတ်ထွက်ခဲ့ရပါတယ်။ လက်ရှိ သမ္မတ ရာနေးလ် ဝစ်ခီမီဆင်ဟီကတော့ ပြည်တွင်းမှာ အခွန်တွေ မြှင့်တင်ခဲ့သလို အသုံးစရိတ် လျှော့ချရေး အစီအမံတွေကို ခပ်ကြမ်းကြမ်း သတ်မှတ်ပြီး ကြွေးမြီ ထူပြောမှုကို ကျားကန်ဖို့ ကြိုးစားခဲ့ပေမယ့် အခြေအနေတွေ သိသိသာသာ တိုးတက်မလာသေးပါဘူး။
အဲဒီနောက် သီရိလင်္ကာဟာ အကြွေးမတန်တဆပိလို့ ဒေဝါလီ ခံရတဲ့ အဆင့်ထိ ရောက်ခဲ့ပြီး လက်ရှိ အချိန်ထိ နာလန်ထူဖို့ ရုန်းကန်နေရဆဲပါ။ အစိုးရဟာ အသုံးစရိတ် လျှော့ချရေး အစီအမံ အနေနဲ့ ရှိရင်းစွဲ စစ်အင်အား ၂ သိန်းထဲက ၆ သောင်းခွဲကို အနားပေးသွားမယ်လို့ ပြောပါတယ်။ ပြီးတော့ ဆယ်စုနှစ် အကုန်မှာ စုစုပေါင်း စစ်အင်အား ၁ သိန်းထိ လျှော့ချဖို့ လျာထားတယ်လို့လည်း သိရပါတယ်။
နိုင်ငံအတွက် နည်းပညာ အရရော၊ နည်းဗျူဟာ အရပါ ဟန်ချက်ပိုညီတဲ့ ကာကွယ်ရေး တပ်ဖွဲ့မျိုးတွေ ပြောင်းလဲ ဖွဲ့စည်းဖို့ လိုအပ်နေပြီလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
သီရိလင်္ကာ စစ်တပ်ဟာ တမီးလ် ကျားသူပုန်တွေနဲ့ စစ်ခင်းတိုက်ခိုက်နေခဲ့ချိန် ၂၀၀၉ ခုနှစ်က အင်အားအတောင့်တင်းဆုံး ဖွဲ့စည်းမှုအဖြစ် စစ်သည် ၄ သိန်းနီးပါးထိ များပြားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ နှစ်က သီရိလင်္ကာဟာ GDPရဲ့ ၁၀ ရာခိုင်နှုန်းကို ကာကွယ်ရေး အသုံးစရိတ်အတွက် သုံးစွဲခဲ့ပြီး အစိုးရ ပေးချေနေတဲ့ လစာအားလုံးရဲ့ ထက်ဝက်နီးပါးလောက်ဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအတွက် ဖြစ်နေတယ်လို့လည်း သိရပါတယ်။