အရေးကြီးတဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ သတ္တိရှိရှိ ကစားကြဖို့ အသင်းသားတွေကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က တိုက်တွန်းခဲ့ပါတယ်။
လက်ရှိ အချိန်မှာ ရလဒ်ကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်နေတဲ့ ယူနိုက်တက်ဟာ ဇန်နဝါရီ ၁၄ ရက်မှာ အရေးကြီး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကို ဧည့်ခံသွားရမှာပါ။ စီးတီးဟာ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်ကို အမီလိုက်နိုင်ရေးအတွက် ဒီပွဲကို အနိုင်ရဖို့ လိုနေသလို ယူနိုက်တက်ကလည်း လက်ရှိ စွမ်းဆောင်ရည်ကို ဆက်ထိန်းပြီး အမှတ်ပေးဇယား ရပ်တည်မှုကို မြှင့်တင်ဖို့အတွက် ကြိုးစားရမှာပါ။
အရေးကြီးတာက ယူနိုက်တက် ကစားသမားတွေ အနေနဲ့ သတ္တိရှိရှိ၊ ယုံကြည်မှု အပြည့်ထားပြီး ကိုယ့်ရဲ့ အားသာချက်တွေကို အကောင်းဆုံး အသုံးချဖို့သာ ဖြစ်တယ်လို့ နယ်သာလန်သား တန်ဟက်ဂ်က ဆိုပါတယ်။ ယူနိုက်တက်ဟာ တန်ဟက်ဂ် တာဝန်ယူကာစ မတည်မငြိမ် ဖြစ်နေတဲ့ အစောပိုင်း ကာလတွေတုန်းက စီးတီးရဲ့ အိမ်ကွင်း အစ်တီဟတ်မှာ ၆-၃ ဆိုတဲ့ ရလဒ်နဲ့ စိတ်ပျက်စရာ ရှုံးနိမ့်ထားခဲ့ဖူးပါတယ်။
ဒါပေမဲ့ လက်ရှိ အသင်းဟာ အဲဒီတုန်းက ယူနိုက်တက် မဟုတ်တော့ဘူးဆိုတဲ့ အမှန်တရားကို ကွင်းထဲမှာ ကောင်းကောင်းကြီး ပြသနိုင်လိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တွေ့ဆုံမှုတုန်းက ယူနိုက်တက်ဟာ ကစားပုံ မကောင်းခဲ့ကြောင်း၊ ဒီတော့ အိုးလ်ထရက်ဖို့ဒ်မှာ ပိုတိုးတက်အောင် ကြိုးစားဖို့လိုကြောင်း တန်ဟက်ဂ်က ဆိုပါတယ်။
ဒီလို ပွဲကြီးပွဲကောင်းမျိုးမှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင် ချဉ်းကပ်မှုကလည်း အရမ်း အရေးကြီးပြီး အသင်းအနေနဲ့ သတ္တိရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့ ကိုယ့်ပုံစံကိုယ် အကောင်းဆုံး ကစားဖို့ ကြိုးစားရမှာဖြစ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
ယူနိုက်တက်ဟာ ပထမအကျော့မှာ စီးတီးကို ရှုံးခဲ့တဲ့နောက်ပိုင်း ပြိုင်ပွဲပေါင်းစုံ ၁၈ ပွဲ ကစားပြီး ၁ ပွဲသာ အရေးနိမ့်ခဲ့ပါတယ်။ တန်ဟက်ဂ်က အဲဒီ အခြေအနေကို အားရနေပြီး စီးတီးကို ရှုံးခဲ့ခြင်းဟာ သင်ခန်းစာ တစ်ခုလို့ ယူဆနိုင်ကြောင်း၊ ပြီးတော့ သူ့ကစားသမားတွေက အဲဒီသင်ခန်းစာကို အသုံးချပြီး ကြီးကြီးမားမား တိုးတက်မှုတွေ ဖန်တီးနိုင်ခဲ့ကြောင်းလည်း တန်ဟက်ဂ်က ပြောကြားသွားပါတယ်။