ပွဲဦးထွက်မှာပဲ အနီကတ် ထိခဲ့တဲ့ ချဲလ်ဆီး ကစားသမားသစ် ဖီးလစ်

ချဲလ်ဆီး ကစားသမားသစ် ယာအိုဖီးလစ်ဟာ အသင်းအတွက် ပွဲဦးထွက်မှာပဲ တိုက်ရိုက် အနီကတ် ထိသွားခဲ့ပါတယ်။

မန်နေဂျာ ဂရေဟမ် ပေါ်တာ ကိုင်တွယ်နေတဲ့ အသင်းဟာ ဇန်နဝါရီ ၁၂ ရက် ညပိုင်းက ဖူလ်ဟမ် အသင်းကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ပေါ်တာဟာ အဲဒီပွဲအတွက် အသင်းရဲ့ တိုက်စစ် အခင်းအကျင်းမှာ အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီသား ဖီးလစ်ကို ထုတ်သုံးခဲ့ပြီး ကစားသမားကလည်း အထိုက်အလျောက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ်တွေ အထင်တကြီး ရှိနေကြတဲ့ အချိန်မှာပဲ ပွဲချိန် မိနစ် ၆၀ ဝန်းကျင်မှာ ဖီးလစ်က ပြိုင်ဘက် ကစားသမား ကန်နီတက်တီကို အကြမ်းပတမ်း ဝင်ဖျက်ထုတ်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ်နဲ့ ထွက်ခွာခဲ့ရပါတယ်။ အဲဒီတုန်းက ပွဲရလဒ်ဟာ ၁ ဂိုးစီ သရေဖြစ်နေပေမယ့် ဖီးလစ် ထွက်ခွာသွားရတဲ့နောက် တစ်ယောက်လျော့ ချဲလ်ဆီးဟာ ပေးဂိုးတစ်ဂိုး ထပ်ခွင့်ပြုရပြီး အရေးနိမ့်သွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဖီးလစ်အတွက် ရာသီဝက် အငှားခေါ်ဖို့ စတာလင်ပေါင် ၉ သန်းထိ အသုံးပြုထားရတာ ဖြစ်ပါတယ်။ ပြီးတော့ ဖီးလစ်ရဲ့ လုပ်ခလစာ စတာလင်ပေါင် ၆ သန်းလောက်ကိုလည်း ပေးချေဖို့ သဘောတူထားရပါတယ်။ ကာလတို ခေါ်ယူမှုအတွက် ငွေအများအပြား သုံးထားပေမယ့် အခုအခါ အနီကတ် ပွဲပယ် ပြစ်ဒဏ်အရ ဖီးလစ်ဟာ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ခုကို လွဲချော်မှာ ဖြစ်ပြီး အသင်းအနေနဲ့ စတာလင်ပေါင် ၂.၁ သန်းလောက် နစ်နာမယ့် သဘောမျိုး ဖြစ်နေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြသွားပါတယ်။

လတ်တလော ရလဒ်တွေ ဆိုးရွားလို့ ဖိအားတွေ ခံစားနေရတဲ့ အသင်းမန်နေဂျာ ပေါ်တာ အတွက်တော့ အခု အရှုံးရလဒ်က နောက်တစ်ဆင့် ဝန်ပိစေတဲ့ အဓိပ္ပါယ်ပါပဲ။ ပေါ်တာက ဖီးလစ်ဟာ ဘောလုံး အထိန်းအသိမ်း လွဲချော်သွားတဲ့အချိန် အလိုအလျောက် တုံ့ပြန်မှုကနေ ပြစ်ဒဏ် ကျူးလွန်မိလိုက်တာသာ ဖြစ်ပြီး ဘယ်သူ့ကိုမှ ရည်ရွယ်ချက်ရှိရှိ နာကျင်စေချင်တာမျိုး မဟုတ်ခဲ့ကြောင်း၊ အင်္ဂလန် ပရီးမီးယားလိဂ်လို မြန်နှုန်းမြင့် ပြိုင်ပွဲတွေမှာ အခုလိုတွေ ကြုံရတတ်ကြောင်း ကစားသမားဖက်က ကာကွယ် ပြောကြားခဲ့ပါတယ်။

ဖီးလစ်ဟာ ငယ်ရွယ်သေးပြီး အရာရာ သင်ယူနေရဆဲ ဖြစ်ကြောင်း၊ ဒါပေမဲ့ သူဟာ ထိပ်တန်း ကစားသမား တစ်ဦးဖြစ်ပြီး သူ့ရဲ့ အရည်အသွေးတွေကိုလည်း အားလုံး မျက်မြင် တွေ့ခွင့် ရခဲ့ကြောင်း၊ ဖီးလစ်ကို ခေါ်ယူနိုင်ခဲ့တာဟာ အသင်းအတွက် တကယ့်ကို ကောင်းမွန်တဲ့ ပေါင်းစပ် ဖြည့်တင်းမှု ဖြစ်ခဲ့ပေမယ့် ၃ ပွဲ လက်လွှတ်ထားရတော့မယ့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပေါ်တာက ပြောကြားသွားပါတယ်။

ဖီးလစ်ဟာ အနီကတ် ပြစ်ဒဏ်ကြောင့် လီဗာပူးလ်၊ ဖူလ်ဟမ် (ဒုတိအကျော့)နဲ့ ဝက်စ်ဟမ်း ယူနိုက်တက်တို့နဲ့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။