ကိုယ်ဝန်ရှိလာလို့ တနှစ်လုံး တင်းနစ်ပြိုင်ပွဲတွေနဲ့ ကင်းကွာနေမယ့် နာအိုမီ အိုဆာကာ

ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ်ဟောင်း နာအိုမီ အိုဆာကာက သူဟာ ပထမဆုံး ကိုယ်ဝန်ကို ဆောင်ထားရပြီလို့ ပရိသတ်တွေဆီ အသိပေး ကြေညာလိုက်ပါတယ်။

တနည်းအားဖြင့် အသက် ၂၅ နှစ်အရွယ် ဂျပန် ထိပ်တန်း တင်းနစ်မယ်ဟာ ၂၀၂၃ ခုနှစ် တစ်ခုလုံးမှာ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွေနဲ့ လွဲချော်နေမယ့် သဘောပါပဲ။ အမေရိကန်မှာ အခြေချ နေထိုင်တဲ့ နာအိုမီဟာ ဂရင်းဆလင်းအဆင့် အထင်ကရ ဆုဖလားကြီး ၄ ခုကို ဆွတ်ခူး ရရှိထားဖူးသူ ဖြစ်ပါတယ်။

သူက ကိုယ်ဝန်ရှိနေကြောင်း Ultrasound ရိုက်ထားတဲ့ ဓာတ်ပုံကို twitterမှာ တင်ထားပြီး တိုတောင်းတဲ့ ဘဝမှာ နေ့တိုင်းကို ကောင်းချီးပေးမှုအသစ်၊ စိန်ခေါ်မှု အသစ်တွေလို့ သဘောထားရမှာဖြစ်ကြောင်း ရေးသားထားပါတယ်။ တစ်နေ့နေ့မှာတော့ သူ့ရဲ့ ကလေးက သူပြိုင်ပွဲဝင်နေတာကို လာအားပေးရင်း ဒါသူ့အမေလို့ တခြားသူတွေကို ကြွားနေတာမျိုး ကြုံချင်တယ်လို့လည်း နာအိုမီက ဆိုပါတယ်။

သူက ၂၀၂၄ ခုနှစ်၊ ဩစတြေးလျ အိုးပင်းမှာ ပြန်ဆုံမယ်လို့လည်း ရေးသားထားတာကြောင့် အခုနှစ်မှာ ပြိုင်ပွဲ အားလုံးနဲ့ လွဲချော်မယ် ဆိုတာကို သွယ်ဝိုက် အတည်ပြုတဲ့သဘော ဖြစ်ခဲ့ပါတယ်။ နာအိုမီဟာ အခုနှစ် ဩစတြေးလျ အိုးပင်းမှာလည်း မပါဝင်ဘူးလို့ ကြိုတင် ကြေညာထားပါတယ်။ သူဟာ အဲဒီပြိုင်ပွဲကြီးမှာ ၂ ကြိမ် ဗိုလ်စွဲဖူးပါတယ်။

ဒါပေမဲ့ နာအိုမီဟာ ၂၀၂၁ ခုနှစ်၊ ဩစတြေးလျ အိုးပင်းမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာတော့ ဘာဆုဖလားမှ ထပ်မရခဲ့ပါဘူး။ သူဟာ တစ်ချိန်က ကမ္ဘာ့အဆင့် ၁ ဖြစ်ခဲ့ဖူးပေမယ့် လောလောဆယ်တော့ နံပါတ် ၄၇ နေရာထိ ကျဆင်း ရပ်တည်နေပါတယ်။ ပြိုင်ပွဲတွေနဲ့ ကင်းကွာနေချိန်မှာ သူ့ရဲ့ ကမ္ဘာ့အဆင့် ရပ်တည်မှုက ဆက်ပြီး ကျဆင်းဦးမယ့် သဘောပါပဲ။ ဒါပေမဲ့ သူဟာ လက်ရှိ အားကစား လောကမှာ ဝင်ငွေ အကောင်းဆုံး အမျိုးသမီး တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေဆဲလို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။

နာအိုမီဟာ ၂၀၁၉ ကစလို့ အမေရိကန် Rapအဆိုတော် Codaeနဲ့ တွဲနေခဲ့ပြီး အခုအခါ သူတို့စုံတွဲရဲ့ ပထမဆုံး ရင်သွေးလေးကို မျှော်လင့်လာနိုင်တာလည်း ဖြစ်ပါတယ်။