ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ ရေစကြို လဝကရုံးကို ပကဖ တွေကမီးရှို့

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စစ်ကောင်စီအတွက် ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ လူမှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာန (လဝက)ရုံးကို ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် မနက်အစောပိုင်းမှာ ဒေသကာကွယ်ရေး အဖွဲ့တွေကမီးရှို့ခဲ့တယ်လို့ သိရပါတယ်။
 
” စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကိုလုပ်ဖို့ မဲစာရင်းစုစောင်းတာတွေပြင်ဆင်တာတွေ လုပ်နေတဲ့အတွက် လဝကရုံးကို မီးရှို့ခဲ့တာပါ ” လို့ ရေစကြိုပကဖတာဝန်ရှိသူကဆိုပါတယ်။
 
လဝက ရုံးကိုဝင်ရောက်စီးနင်းပြီး မီးရှို့စဉ် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီးကာကွယ်ရေးတပ်တွေနဲ့ ပူးးပေါင်းဆောင်ရွက်ဖို့ပြောဆိုပြီး ပြန်လွှတ်ပေးခဲ့တယ်လို့လည်းဆက်ပြောပါတယ်။
 
မီးရှို့ခံရတဲ့ လဝကရုံးဟာ ရေစကြိုမြို့ တောင်ဘက်မှာရှိပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စုလူဦးရေ စာရင်းဇယားတွေထားရှိတဲ့ ပင်မဆောင်တခုလုံးမီးလောင်ပျက်ဆီးသွားတယ်လို့ဆိုပါတယ်။
 
” မီးရှို့ပြီးနောက်ပိုင်း မြို့ပေါ်မှာတော့ လှုပ်လှုပ်ရှားရှားလေးဖြစ်သွားတယ်။ အရမ်းကြီးတော့ မစိုရိမ်ရပါဘူး။ ပြည်သူတွေကို အဓိကပြောချင်တာက စစ်ကောင်စီလုပ်မယ် အတုအယောင်ရွေးကောက်ပွဲကို မပူးပေါင်းဖို့နဲ့ တော်လှန်ရေးကို ကျနော်တို့နဲ့အတူ ပါဝင်ကြဖို့ပြောချင်ပါတယ် ” လို့သူကပြောပါတယ်။
 
အဲဒီ လဝကရုံး မီးရှို့မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ)နှင့်အတူ ရဲဘော်ညီနောင် ပျောက်ကြားတပ်တို့ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။